Published: 6 December 2021

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဒီကနေ့မှာ တရားရုံးကချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို နစကဥက္ကဌက လျော့ပေါ့လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ သီးသန့်တရားရုံးမှာ ချတရားရင်ဆိုင်နေရတဲ့ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅အရ ထောင်ဒဏ် ၂နှစ်နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅အရ ထောင်ဒဏ်၂နှစ်ချမှတ်ခဲ့သလို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အလားတူပုဒ်မတွေနဲ့ ထောင်ဒဏ်၄နှစ်အထိ ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

ထိုသို့အမိန့်ချမှတ်ခဲ့ပြီး ဒီကနေ့ညပိုင်းမှာတော့ နစကဥက္ကဌက တရားရုံးကချမှတ်ထားတဲ့ ထောင်ဒဏ်၄နှစ်စီအနက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ ပုဒ်မခွဲ ၁အရ ထောင်ဒဏ်၂နှစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ၁အရ ကျခံရန် ကျန်ရှိတဲ့ထောင်ဒဏ်၂နှစ်ကို လက်ရှိထိန်းသိမ်းတဲ့ နေရာတွင်ပင်ကျခံရန် အမိန့်ထုတ်ပြန်ကာ လျော့ပေါ့လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ တယ်လို့ သိရပါတယ်။