#LocalPolitics

Published - 6 Dec 2021

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရသည့် အမှုများအနက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊  ပုဒ်မ ၅၀၅(ခ)တို့အတွက် ယနေ့ ဒီဇင်ဘာလ ၆ရက်တွင် အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။

နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ်အမိန့်ချလိုက်ခြင်း ဖြစ်ပြီး ယင်းတို့ကို မည်သည့်နေရာသို့ ပို့ဆောင်မည်ကို အကြောင်းပြန်ကြားမည် ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူစေ‌ရန်လှုံံံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် အဖြစ်လည်းကောင်း၊သမ္မတ ဦးဝင်းမြင့်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် အဖြစ်လည်းကောင်း၊နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ် အဖြစ်လည်းကောင်း အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

"အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ၅၀၅ (ခ) အမှုအတွက် ၂နှစ်  နဲ့ သဘာဝဘေး  စီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ၅၀၅ (ခ)အတွက် ကျခံထားခဲ့ရတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က နေ ဒီဇင်ဘာလ ၆ ရက်ထိ ကာလကို ထုတ်နှုတ် ခံစားခွင့် ရမှာ ဖြစ်တာကြောင့်  အမှု ၂ခုအတွက် စုစုပေါင်း ၄ နှစ် မှာ ၃ နှစ် နဲ့ ၂ လ နီးပါး ကျခံရမှာ ဖြစ်ပါတယ်။ပြီးတော့ သမ္မတဦးဝင်းမြင့်ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ်  နဲ့ သဘာဝဘေး စီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ဒေါက်တာမျိုးအောင် ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် ချမှတ်လိုက်တယ်၊သူတို့ ၃ ယောက်လုံးကို ဘယ်ကို ပို့မယ်ဆိုတာ မသိသေးပါဘူး။အကြောင်းကြားမယ်လို့ ပြောတယ်"ဟု တရားရုံးနှင့် နီးစပ်သူက ရန်ကုန်တိုင်းမ်ကို  ပြောသည်။
ဓာတ်ပုံ-ယခင်ပုံဟောင်း

#YangonMediaGroup