#LocalNews

Published - 5 Dec 2021

 

အခုကာလအတွင်းမှာ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင် လုယက်မှုနှင့် ခါးပိုက်နှိုက်မှုများ အလွန်များပြားလာနေတယ်လို့ အဆိုပါမြို့များတွင် နေထိုင်ကြသူများထံမှ သိရပါတယ်။

 

ရန်ကုန်မြို့မှာ နေထိုင်သူတွေအနေနဲ့ လုယက်ခံရမှုဖြစ်စဥ်တွေကို အခုကာလအတွင်းမှာမကြာခဏဆိုသလို ကြုံနေရပြီး မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးယာဥ်လိုင်းများဖြစ်တဲ့ YBS ယာဥ်များပေါ်တွင်လည်း ခါးပိုက်နှိုက်မှုဖြစ်စဥ်တွေက ပိုမိုများပြားလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အလားတူ မန္တလေးမြို့မှာလည်း ခိုးဆိုးလုယက်မှုများ အရမ်းပေါများနေပြီး ညဘက်အချိန်များတွင်သာမက နေ့ခင်းဘက်အချိန်များမှာပင် လုယက်မှုတွေကိုကြုံနေရသလို တချို့သော လုယက်မှုတွေက လူ့အသက်ကိုပါ အန္တရာယ်ပေးလာသည့် ဖြစ်ရပ်မျိုးတွေအထိ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

 

"အခုလ(၁)ရက်နေ့ ညနေ (၆) နာရီ လောက်မှာ မြောက်ဒဂုံ (၃၉)ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းမှာ ညီမနဲ့ ရုံးကလူကြီးတစ်ယောက် ဘက်ထရီစက်ဘီးနဲ့ ပြန်အလာကို နောက်ကနေ အမျိုးသားနှစ်ယောက် စီးလာတဲ့ဆိုင်ကယ်က ဘေးကနေကပ်လိုက်လာပြီး ဆိုင်ကယ်နောက်ကလူက ညီမလွယ်ထားတဲ့အိတ်ရဲ့ကြိုးကို အတင်းဆွဲလုပါတယ်။ ညီမလဲပြန်ဆွဲတယ် ရှေ့ကအကိုကလည်း
အော်တော့ သူတို့ကအိတ်ရဲ့ကြိုးကို အတင်းဆွဲပြီး ဆိုင်ကယ်ကိုမောင်းပြေးတော့ အိတ်ကိုလွယ်ထားတဲ့ညီမပါ ဆိုင်ကယ်နောက်ကို ဒရွတ်တိုက်ပါသွားတယ်။

 

တော်တော်လေးကိုမှ မိုက်မိုက်ရိုင်းရိုင်းနဲ့ ဆွဲချသွားတာပါ။ လူကြီးတစ်ယောက်လုံးပါတာတောင်တော်တော်ကိုအတင့်ရဲပြီး ကြောက်ဖို့ကောင်းပါတယ်။ အဲ့အချိန်မှာ တစ်ယောက်ထဲဆိုရင်တော့တွေးတောင်တွေးမကြည့်ရဲပါဘူး။ ရှေ့သွားနှစ်ချောင်းလဲ ကျိုးသွားတယ်၊ အပေါ်နှုတ်ခမ်းလဲသုံးချက်ချုပ်လိုက်ရတယ်၊ ဖုန်းလဲပျက်စီးသွားတယ်။ အကုန်လုံး အသွားအလာသထိထားကြပါ။
ဖြစ်နိုင်ရင် လမ်းသွားရင်းဖုန်းကိုင်ထားတာတို့ အိတ်ကို ဘေးကနေလွဲထားတာတို့ မလုပ်ကြပါနဲ့။"လို့ လုယက်ခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရန်ကုန်မြို့နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ၄င်းကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ သူရဲ့လူမှုကွန်ရက်ပေါ်မှာ သတိထားနိုင်ကြဖို့ ပြန်လည်မျှဝေခဲ့တာပါ။

 

ဒါ့အပြင် မန္တလေးမြို့မှာလည်း လုယက်မှုကျုုးလွန်သည့် ဂိုဏ်းတစ်ခုသောင်းကျန်းနေပြီး ယင်းဂိုဏ်းက မန္တလေးမြို့ပေါ်မှာ ယခုနောက်ပိုင်းကာလများတွင် ပိုမိုအတင့်ရဲလာပြီး လူယက်မှုတွေကို ဆက်တိုက် ကျုးလွန် နေတယ်လို့ မြို့နေဒေသခံတွေက ဆိုပါတယ်။

 

အဆိုပါ လုယက်သည့်ဂိုဏ်းတွင် အသက်မပြည့်သေးသည့် လူငယ်အများစု ပါဝင်နေတယ်လို့လည်း သိရပါတယ်။

 

"ဒီကောင်တွေက လူငယ်တွေချည်းပဲ စုဖွဲထားတဲ့ဂိုဏ်းပေါ့၊ တခါတလေဆိုရင် လုယက်မှုက တစ်ညထဲတင် (၃) မှုလောက်ဖြစ်တယ်။ သူတို့က အသက်လည်းမပြည့်ကြဘူး၊ အခု နောက်ပိုင်းကျ ဘယ်လိုဖြစ်လဲဆိုတော့ နေ့ရောညပါမရှောင်ဘူး လုယက်လာကြတယ်။ ရဲကမိတော့လည်း အသက်ရွယ်မပြည့်တဲ့ သူတွေချည်းပဲ ကလေးတွေချည်းပဲဆိုတော့ ဖမ်းတော့လည်း တရားရုံးစရိတ်ကုန်တာပဲ အဖတ်တင်တာပေါ့။ အသက်မှမပြည့်တာ မိတော့လည်း ကလေးသူငယ်တရားရုံးနဲ့ အမိန့်ချတယ်။ လေ့ကျင့်ရေးကျောင်းရောက်တယ် ပြန်လာတယ်။ ဘယ်လောက်အ ရေးယူယူ အဆင်မပြေဘူးလေ၊ သူတို့တွေက ဆိုးသွမ်းနေတာပါပဲ၊ အဲ့ဒါကြောင့် လုယက်တဲ့ဂိုဏ်းက မြို့ပေါ်မှာ ကြီးဆိုးနေတာပေါ့။ လွတ်လာလိုက် ပြန်လုလိုက်နဲ့ နေ့စဥ်နဲ့အမျှ ကျုးလွန်နေကြတာပါ။"လို့ မန္တလေးမြို့ခံတစ်ဦးက ရန်ကုန်တိုင်းမ်သို့ ပြောပြခဲ့ပါတယ်။

 

ဒါကြောင့် ယခုကာလများတွင် ပြည်သူများအနေနဲ့ အထူးဂရုပြုသွားလာသင့်ကြောင်းနှင့် ညပိုင်းအပြင်ထွက်မည်ဆိုပါက ပိုမိုဂရုပြုသွားလာကြဖို့ကိုလည်း ရန်ကုန်နှင့်မန္တလေးမြို့ကြီးများမှာရှိတဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းများက အသိပေးနှိုးဆော်ထားကြပါတယ်။

#Yangon_Media_Group