#LocalNews

Published - 5 Dec 2021

 

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ဆယ်အိမ်တန်းကမ်းခြေသို့ ခရီးသွားဝင်ရောက်မှုတွေ ပြန်လည်ရှိလာခဲ့ပြီး ရုံးပိတ်ရက်ကာလတွေမှာ ခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ကြကြောင်း ဆယ်အိမ်တန်းကမ်းခြေဒေသခံများထံမှ သိရပါတယ်။

 

အဆိုပါ ဆယ်အိမ်တန်းကမ်းခြေဒေသဟာ ရန်ကုန်မြို့ကနေဆိုပါက နေ့ချင်းပြန်သွားရောက်လည်ပတ်လို့ရတဲ့ အပန်းဖြေကမ်းခြေနေရာတစ်ခုဖြစ်သလို ပြည်တွင်း၊ပြည်ပခရီးသွားအများစုက လာရောက်လည်ပတ်ကြတဲ့ ကမ်းခြေတစ်ခုလည်းဖြစ်ပါတယ်။

 

လက်ရှိကာလမှာ ဆယ်အိမ်တန်းကမ်းခြေဒေသသို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှုအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက ရန်ကုန်တိုင်းမ်ကို ယခုလို ပြောပြခဲ့ပါတယ်။

 

"ခရီးသွားတွေက သူ့ဟာနဲ့သူတော့ ဝင်နေကြပါတယ်။ လာကြပါတယ်၊ ရုံးပိတ်ရက်တွေမှာ ပိုများတာပေါ့။ ဒီမှာက ကမ်းခြေဒေသဖြစ်တဲ့အတွက် အပန်း့ဖြေလိုလည်း ကောင်းတယ််၊ဒေသအစားအစာတွေလည်းပေါတယ်၊ ဆယ်အိမ်တန်းကမ်းခြေမှာ နာမည်ကြီးတာကတော့ ငါးသ လောက်အိုးဟင်းပါမှောက်ပေါ့ ၊ အဲ့ဒါက ဒေသရဲ့ တကယ့်နာမည်အစားအစာပါ။ပြောရရင် အခုကာလမှာ ခရီးသွားတွေက အရင်တုန်းကလောက်တော့ မဝင်သေးပေမယ့် သူ့အဖွဲ့ လေးတွေနဲ့သူ တော့ လာရောက်ကြပါတယ်။တချို့ကျတော့လည်း ကျန်းမာရေးကြောင့် လာရောက်အပန်းဖြေကြတာမျိုးလည်း ရှိပါတယ်။ ဆယ်အိမ်တန်းကမ်းခြေကို ပြန်ဖွင့်ထားတာလည်း ကြာပါပြီ။ ကမ်း ခြေမှာ ညအိပ်ညနေနေချင်တဲ့ ခရီးသွားတွေအတွက်လည်း ဒီမှာ တည်းခိုးခန်းတွေ ဘန်ဂလိုတွေလည်းရှိပါတယ်။" လို့ ဆယ်အိမ်တန်းကမ်းခြေ ဒေသခံတစ်ဦးက ပြောပါတယ်။

 

လက်ရှိကာလတွင် ဆယ်အိမ်တန်းကမ်းခြေသို့ သွားရောက်လိုသည့် ခရီးသွားတွေအနေနဲ့ အလွယ်တကူ သွားရောက်လည်ပတ်နိုင်မှာဖြစ်ပြီး ခရီးလမ်းကြောင်း အခြေအနေနဲ့ပတ်သက်လို့လည်း ၄င်းက အခုလို ဆက်လက်ပြောပြခဲ့ပါတယ်။

 

"ဒလဘက်ကနေလာရင်တော့ လမ်းပိုသင့်ပါတယ်။ အခုက လှိုင်သာယာ - ကွမ်းခြံကုန်းလမ်း ကြောင်းဘက်ကတော့ လမ်းအချို့ကို ပိတ်ထားတယ် စစ်ဆေးရေးဂိတ်အချို့လည်းရှိတော့ လာရတာ နည်းနည်းလေးကြန့်ကြာမှာပေါ့ ။ ဒလဘက်ကနေ လာရင်တော့ လာလို့ရပါတယ်၊ ပိုပြီးလည်း လမ်းသင့်ပါတယ်။ ဒလဘက်ကနေ ဆိုရင် ကမ်းခြေကိုပိုပြီးတော့ မြန်မြန်လာလို့ရတာ ပေါ့။"လို့ ဆယ်အိမ်တန်း ကမ်းခြေ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ဆယ်အိမ်တန်းကမ်းခြေဟာ ရန်ကုန်မြို့နဲ့ ၆၂ မိုင်ခန့်သာ ကွာဝေးပြီး ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း ကားလမ်းကနေ သွားလို့ရသလို ဒလမြို့ကနေဆိုပါက အချိန်အားဖြင့်တစ်နာရီကျော်ခန့်သာသွားရတဲ့ ရန်ကုန်မြို့နဲ့ အလှမ်းမဝေးတဲ့ သဘာဝကမ်းခြေဒေသတစ်ခုလည်း ဖြစ်ပါတယ်။

 

Photo - CJ

#Yangon_Media_Group