၃ မေ ၂၀၂၄

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌စတင်ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့  ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား ရောင်းချပေးသွားမယ်လို့သိရပါတယ်။

မေလ ၃ရက် မနက်ပိုင်းကျင်းပတဲ့ အဆိုပါမြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်  ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမ  အတွင်း ပြသ ထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချ နေမှုများနှင့်  ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။

ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံ ဈေးကို မြန်မာ ကျပ်ငွေဖြင့်သတ်မှတ်ထားတာဖြစ်ပါတယ်။

ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာကုန်သည်များ က မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း၊ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲများ အတွက် အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်းလည်းသိရပါတယ်။

ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စု မှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိ ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည် ဖြစ်ကြောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာ ကုန်သည်များ သာဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကာ ယခု ပြပွဲကို မေ - ၃ ရက်မှ ၁၂ ရက်  အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။

@ymg/knl