#LocalNews

Published - 3 Dec 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ HIV/ AIDS အေအာတီဆေးကုသရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းသုံးစွဲဖို့ ဘဏ္ဍာငွေခွဲဝေချထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ ကာကွယ်ရေးနဲ့ ပြုစုကုသရေးလုပ်ငန်းတွေကို ၂၀၁၁ ခုနှစ်မှ စတင်ပြီး  အစိုးရရဲ့ ရန်ပုံငွေ တိုးမြှင့်ထောက်ပံ့ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ အေအာတီဆေးကုသရေးလုပ်ငန်းအတွက် ဆေးနဲ့ ဆေးပစ္စည်းတွေ ပြတ်လပ်မှုမရှိစေဖို့ ရန်ပုံငွေကို တိုးမြှင့်ခွဲဝေချထားပေးတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ဒါ့အပြင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာများကို ပြုစုကုသမှု ပေးနိုင်ဖို့အတွက် ယခုနှစ်မှာ မြို့နယ် ၂၇၃ မြိုနယ်မှာ အေအာတီဆေးကုဌာန ၃၆၂ ခုထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး မိခင်မှကလေးသို့ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်း (PMTCT)ကို လည်း ယခုနှစ်မှာ မြို့နယ် ၃၃ဝ အထိ တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကုသရေးလုပ်ငန်းတွေကြောင့် ရောဂါကူးစက်ခံရသူဦးရေ နှစ်သိန်း လေးသောင်းကျော်အနက် ယခုနှစ် စက်တင်ဘာလအထိ လူနာပေါင်းတစ်သိန်းကိုးသောင်းကျော် ခန့်မှန်းပိုးကူးစက်ခံရသူအားလုံးရဲ့ ၇၈ ရာခိုင်နှုန်း ထိ ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 အိပ်ချ်အိုင်ဗွီရောဂါ အသစ်ကူးစက်ခံရမှုမှာ ၂၀၀၀ ပြည့်နှစ်က နှစ်သိန်းကျော်နဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ကိုးထောင်ကျော်အထိ ကျဆင်းလာတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူ ၂၄၁,၆၆၂ ဦးခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ သုည ဒသမ ၅၇ ရာခိုင်နှုန်း ရှိတာကို AIDS Epidemic Model-AEM နဲ့ ခန့်မှန်းတွက်ချက်မှုအရ သိရပါတယ်။

#YangonMediaGroup