#Local_News
Published 19 April 2024


ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာဇနီးမောင်နှံ ၂ ဦး မှာ ဧပြီလ ၁၆ ရက်က ဖွင့်လှစ်ခဲ့သည့် ထိုင်းအစိုးရထီဖွင့်ပွဲ မှ ၉၃၄၅၉၈ ဂဏန်းဖြင့် ဘတ်(၆) သန်းဆု ဆွတ်ခူးရရှိခဲ့ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့်အဖွဲ့ထံက သိရသည်။

 

အဆိုပါ ဇနီး မောင်နှံ ၂ ဦး မှာ ၂ နှစ်ကျော်အရွယ် သားငယ်နှင့်အတူ ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမြို့ရှိ ရေခဲစက်ရုံတွင် ၃ နှစ်ခန့်အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး သားဖြစ်သူမှ ထီထိုးမည်ဟု ပြောဆိုခဲ့တာကြောင့် ထိုင်းထီကိုပထမဦးအကြိမ် ကံစမ်းကြည့်ရာမှ ယခုကဲ့သို့ ထိုင်းအစိုးရထီ၏ပထမဆုဖြစ်သည့် ဘတ် (၆) သန်းဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထိုင်းထီ ဘတ်(၆)သန်းဆုပေါက်ခဲ့ကြသူ ၂ ဦးမှာ အသက် ၂၀ ကျော်အရွယ် လူငယ်ဇနှီးမောင်နှစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး မှ ထားဝယ်လူမျိုးဖြစ်ကြောင်း သိရသည်။

 

ကံထူးရှင် ဇနှီးမောင်နှံ ၂ ဦးမှ ဆုငွေထုတ်ယူဖို့အတွက် ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့်အဖွဲ့မှ ကူညီပေးခဲ့ရာ ဧပြီ ၁၇ ရက်တွင် ဆုငွေများ ရရှိခဲ့ကြောင်း သိရသည်။

 

#Local_News #မြန်မာဇနီးမောင်နှံ #ထိုင်းထီဘတ်၆သန်းဆုဆွတ်ခူးသွား #YMG/LW #Yangon_Times