#Local_News
Published 19 April 2024

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် မေးမြန်းချက်အပါအဝင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့်မေးခွန်းများကို တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး ဌာနမှပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံ‌ဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်လိုက်‌ကြောင်း သိရသည်။

 

ဧပြီလ ၁၇ ရက်၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရိုက်တာသတင်းဌာနမှသတင်းထောက်က မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်သည်ဟု သတင်းမီဒီယာများတွင်ဖော်ပြကြကြောင်း၊

 

 တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြားဝင်စေ့စပ်ရာတွင် အရေးကြီးသော ကဏ္ဍမှပါဝင်နေကြောင်း၊ 

 

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်သတင်းအပေါ်  တရုတ်နိုင်ငံက ကြိုဆိုပါသလား ဟူသည့် မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian မှ အောက်ပါအတိုင်း ပြောကြားခဲ့သည်ဟုဆိုသည်။

 

Mr. Lin Jian က တရုတ်နိုင်ငံသည် အဆိုပါသတင်းကိုသတိထားမိပါကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက တရားဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးညှိနှိုင်းပြီး သက်ဆိုင်ရာ ပြဿနာကိုဖြေရှင်းရန် တရုတ်နိုင်ငံမှ အားပေးထောက်ခံမှုကို ထပ်လောင်းပြောကြားလိုကြောင်း ဖြေကြား ခဲ့ကြောင်း မြန်မာနိုင်ငံ‌ဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်လိုက်သည်။

 

#Local_News #မြန်မာနိုင်ငံငြိမ်းချမ်းရေးဆွေးနွေးမှု #tthl #Yangon_Times