#Local_News
Published_18 April 2024


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း လက်နက်ကြီးကျ၍ ဒေသခံ ၄ ဦးသေဆုံး၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက်မှ လက်နက်ကြီး များဖြင့် AA အဖွဲ့ကပစ်ခတ်ခဲ့သောကြောင့် လက်နက်ကြီးကျည်များ အမှတ်(၂)ရပ် ကွက် တွင်း သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၂ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယခုအခါ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းအပြင် ဧပြီလ ၁၇ ရက်က ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်အတွင်းကားပစ္စည်းဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ အခြားနေအိမ်များသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့သောကြောင့်နှစ်ထပ်တိုက်နေအိမ် ၃၀ လုံးခန့်နှင့် ပျဉ်ထောင်၊သွပ်မိုး နေအိမ် ၂၀ လုံးကျော် စုစုပေါင်းနေအိမ် ၅၀ လုံးကျော် မီးလောင်ပျက်စီးဆုံး ရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရပ်ကွက်၌ နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် မတ်လ ၃၁ ရက်မှ စတင်၍ ၎င်းရပ်ကွက်၌ နေထိုင်ခြင်းမရှိပဲ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသောကြောင့် တာဝန်ရှိသူများက မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #လက်နက်ကြီးကျဒေသခံ၄ဦးသေဆုံး #၈ဦးပြင်းထန်စွာဒဏ်ရာရခဲ့ #Yangon_Times/PP