၁၅ ဧပြီ ၂၀၂၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အတွင်းသို့ ဧပြီ ၁၄ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက ၁၀၇မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် သံဃာတော်(၂)ပါးနှင့်ပြည်သူ(၂)ဦးသေဆုံးခဲ့ကာ ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အကြမ်းဖက်သမားများပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးများသည် ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေ  ဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel ၊ ရပ်ကွက်ကြီး (၅)၊ ဗလမင်းထင်ရပ်ကွက်နှင့် စပါယ်ရပ်ကွက်များ အတွင်း သို့ ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ဘဒ္ဒန္တ  တေဇာနန္ဒနှင့် ဒုလ္လဘရဟန်း ၁ ပါး ၊ စုစုပေါင်း ၂ ပါးပျံလွန်တော်မူပြီး ပြည်သူ ၁ ဦး သေဆုံး၍ ၁ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ စပါယ်ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ပြည်သူ့ ဆေးရုံတွင် တက်ရောက်  ဆေးကုသ မှုခံယူနေသော အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်များအပါအဝင် လူနာနှင့် ဆေးရုံဝန်ထမ်း ၁၁ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်တဲ့ဆေးဝါးကုသမှုတွေလုပ်ဆောင်ပေးနေကြောင်းလည်းသိရပါတယ်။

ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော မြို့/ရွာ ရပ်ကွက်များ အတွင်းသို့ ရှော့တိုက်ဒုံးများ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါအကြမ်းဖက်သမားများ  အား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ပြည်သူများ သက်ဆိုင်ရာသို့ လျှို့ဝှက်သတင်းပေးတိုင်ကြားပြီး ပူးပေါင်းပါဝင်ကြဖို့ နစက,က နှိုးဆော်ထားပါတယ်။

@ymg/knl