၉ ဧပြီ ၂၀၂၄

မြန်မာနိုင်ငံ ရန်ကုန်မြို့သည် ယနေ့ ဧပြီ ၉ ရက် တိုင်းတာချက်များအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး အဓိက  မြို့ကြီးများတွင် အဆင့် (၅)နေရာ၌ ရှိခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ ကာလီဖိုနီးယားအခြေစိုက် လေအရည်အသွေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုင်ကျူအဲယား IQAir ၏ လတ်တလော အဆင့်ထုတ်ပြန်ချက်အရ ရန်ကုန်မြို့၏ လေအရည်အသွေးညွှန်းကိန်း သည် ၁၅၄တွင်ရှိပြီး လေထုအညစ်ညမ်းဆုံးအဓိက မြို့များ The Most Polluted Major Cities နှိုင်းယှဉ်ထုတ်ပြန်သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ပဥ္စမမြောက် လေထုအညစ်ညမ်းဆုံးအဆင့်ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ပထမအဆင့်ရရှိသည့်မြို့မှာ ဆီနီဂေါနိုင်ငံ ဒါ့ကာမြို့ဖြစ်ပြီး လေအရည်အသွေးအညွှန်းကိန်း ၂၀၂ ရှိပါတယ်။

ဒုတိယအဆင့်တွင်ညွှန်းကိန်း ၁၉၇ဖြင့်  နီပေါနိုင်ငံ မြို့တော် ခတ္တမန်ဒူ၊တတိယနေရာတွင် ညွှန်းကိန်း ၁၇၈ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ စတုတ္ထနေရာတွင် ညွှန်းကိန်း ၁၅၅ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တို့ရှိခဲ့ကြောင်း အဆိုပါ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံ၏ လေအရည်အသွေးညွှန်းကိန်း ၁၅၄ သည် အုပ်စုခွဲခြားသတ်မှတ်ချက်အရ ကျန်းမာရေးနှင့်မညီညွတ်   သည့် အုပ်စုတွင်ရှိနေတာဖြစ်ပါတယ်။

ညွှန်းကိန်း၀- ၅၀ အထိ ကောင်းမွန်သောအဆင့်အုပ်စု၊ ၅၁-၁၀၀ အထိ အတန်အသင့်ကောင်းမွန်သောအုပ်စု၊ ၁၀၁-၁၅၀ အထိ သတ်မှတ်သော လူအုပ်စုများအတွက် ကျန်းမာရေးနှင့်မညီညွတ်သောအုပ်စု၊ ၁၅၁- ၂၀၀ အထိ ကျန်းမာ ရေးနှင့်မညီညွတ်သော အုပ်စု၊၂၀၁-၃၀၀ အထိ ကျန်းမာရေးနှင့် အလွန်မညီညွတ်သောအုပ်စုနှင့် ၃၀၀ နှင့်အထက် သည် အန္တရာယ်ဖြစ်စေသောအုပ်စုဟု သတ်မှတ်ထားကြောင်းသိရပါတယ်။

Source: IQAir