Published 6 April 2024

ထိုင်းနိုင်ငံရှိ အထောက်အထားမရှိသော မြန်မာအလုပ်သမား များကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးရာ ၁ သိန်း ၆ သောင်းကျော် ရှိပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

ဧပြီလ ၅ ရက် မနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပသည့်“ ပြည်ပတွင် အလုပ်လုပ် ကိုင်မှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီ”အစည်းအဝေး တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို မည်သူ မည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificates of Identity – CI) ထုတ်ပေးရေး စခန်း ၅ ခုနှင့် Mobile Unit (၃) ခုကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၂၃ရက်နေ့မှစ၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရာ ၂၀၂၄ခုနှစ် ဧပြီ ၄ရက် နေ့အထိ ၁၆၀,၉၀၃ ဦး ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။

CI စခန်းများတွင် ဝင်ငွေခွန် ကောက်ခံခြင်းလုပ်ငန်းစဉ်နှင့် e-ID အချက်အလက်ကောက်ယူသည့် လုပ်ငန်းစဉ်များကိုပါ တွဲဖက်ဆောင်ရွက်ပေးလက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမား များကို CI ထုတ်ပေးခြင်းအားဖြင့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း နယ်ကျော် သွားလာခွင့် ရွှေ့ပြောင်းအလုပ်သမားများ၏ သတ်မှတ်ထားသောလုပ်ခလစာ၊ ဥပဒေပါအကျိုး ခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ ထိုင်းဘဏ်များ၌ ငွေစာရင်းဖွင့်လှစ်ခွင့်ရရှိ၍ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများ ပြန်လည်လွှဲပြောင်းရေး ဆောင်ရွက်နိုင်ခွင့်၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်နှင့် လေယာဉ်စီးနင်းခွင့်၊ မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်ခွင့်အစရှိသည့်တို့ ပြုလုပ်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များ၌ CI လက်မှတ်ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကိုအချက်အလက်ကောက်ယူပြီးသည့်နေ့မှစ၍ ၄၅ ရက် အတွင်း အချက်အလက်မှန်ကန်ပြီး ခွင့်ပြုသူများကို PJ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ကအသိပေးထုတ်ပြန်ချက်ရသိရသည်။
Yangon_Times/LW
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group