#LocalNews

Published - 2 Dec 2021

ကုလသမဂ္ဂ ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်လေးခုမှာ လူဦးရေ ၂၆,၀၀၀ ကျော်ဟာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး နိုဝင်ဘာ ၂၂ ရက်နေ့က ကိန်းဂဏန်းများအရ အဆိုပါ‌တိုင်းဒေသကြီးမှာ တိုက်ပွဲရှောင်သူစုစုပေါင်း ၄၁,၀၀၀ နီးပါးရှိလာပြီလို့ သိရပါတယ်။

 

တပ်မတော်၊ ချင်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေနဲ့ အခြားဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးက လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားလျက်ရှိပြီး နိုင်ငံတွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရမှုများကို ထပ်မံတွေ့ရှိနေရတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ယခုအချိန်အထိ လူဦးရေ ၂၃,၃၀၀ ခန့်ဟာ ချင်းပြည်နယ်က ယာယီစခန်းတွေမှာ နေထိုင်ရလျက်ရှိပြီး မကွေးတိုင်းဒေသကြီးမှာ ၁၁,၇၅၀ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကာ ဖေဖေါ်ဝါရီလကတည်းက အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးလာသူပေါင်း ၁၅,၀၀၀ ခန့်ရှိခဲ့ပြီး ထပ်မံထွက်ပြေးမှုများလည်း ရှိနေတယ်လို့ သိရပါတယ်။

 

ဆက်လက်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့က မီးလောင်မှုကြောင့် ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအပါအဝင် အနည်းဆုံး အိမ်ခြေ ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်ကတည်းကဆိုလျှင် မီးလောင်ပျက်စီးသွားသည့် အိမ်ပေါင်း ၃၈၆ လုံးရှိသွားခဲ့ပြီဖြစ်ကာ မြို့နေလူထုမှာတော့ ပြီးခဲ့တဲ့လကတည်းက မြို့ကိုစွန့်ခွာသွားခဲ့ပြီး အိန္ဒိယနိုင်ငံနယ်စပ်မှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။

 

လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူများဟာ ချင်းပြည်နယ်အတွင်းက ပဋိပက္ခဒဏ်ခံစားရတဲ့နေရာတွေမှာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်လပ်နေမှုတွေအတွက် စိုးရိမ်နေပြီး အကူအညီလိုအပ်နေတဲ့ နေရပ်စွန့်ခွာလာသူ ၄,၀၀၀ ခန့်နဲ့ လက်ခံလူထု ၂၂,၀၀၀ အပါအဝင် လူပေါင်း ၂၆,၀၀၀ ခန့်ရှိနေတဲ့ မင်းတပ်မြို့သို့ အရေးပေါ်သွားလာခွင့်ရရှိရန် ကြိုးပမ်းနေကြပြီး ချင်းပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လူဦးရေ ၆,၃၀၀ ခန့်ဟာ ပလက်ဝမြို့နယ်က ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

#Yangon_Media_Group