#LocalNews

Published - 2 Dec 2021

ရေဘားလဲလှယ်ခြင်းလုပ်ငန်းများကို အလျင်အမြန်ပြီးစီးအောင် ဆောင်ရွက်နေပြီး ရေပြတ်လပ်နေသည့် ယုဇနဥယျာဥ်မြို့တော်အိမ်ယာများသို့ မနက်ဖြန် မနက်ပိုင်းမှစတင်၍ ပြန်လည်ပြီး ရေပို့လွှတ်နိုင်ရန် စီစဥ်နေတယ်လို့ သိရပါတယ်။

 

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာရှိတဲ့ ယုဇနဥယျာဥ်မြို့တော်မှာ ရေဘားလဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည့်အတွက် ၂ ရက်ကြာရေပြတ်လပ်မှုဖြစ်ပေါ်နေပြီး ယင်းမြို့နေဒေသခံများအနေနဲ့ ရေအခက်အခဲကြုံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

"အစက စည်ပင်ရေသန့်ဌာနက တာဝန်ရှိသူတွေပြောကြားမှုအရပါ ဒီကနေ့ မနက် ၅ နာရီထဲက ရေပေးမယ်ပေါ့၊ ဒါပေမယ့် သူက အခု ၁၂ လက်မပိုက်ဘားကို ပြုပြင်မှုလုပ်ငန်းက မပြီးသေးဘူး။ အဲ့ဒါကို ဆက်ပြီးပြုပြင်နေတယ် ။ ဒီနေ့ နေ့လည် လောက်မှာ ပြီးမယ်လို့ မှန်းထားတယ်။ ရေဘားတွေ အားလုံးပြင်ဆင်ပြီးစီးရင်လည်း ရေကိုချက်ချင်းပို့လွှတ်နိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဘီ ဘလောက်၊ စီ ဘလောက်နဲ့ စစ်တောင်းအိမ်ယာကို မနက်ဖြန် မနက်ပိုင်းလောက်မှာ ပြန်ပြီးတော့ ရေစပေးဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။"လို့ ယုဇနအိမ်ယာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ ယုဇနဥယျာဥ်မြို့တော်အတွင်းမှာ ရေပြတ်လပ်မှုတွေက မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

 

"ရေကမလာတော့ ရေမရ ဝယ်သုံးရတော့ရလည်း ရေတစ်စည်ကို ၁,၅၀၀ လောက်စျေးရှိတယ်။ အခု ရေမရတာက နှစ်ရက်၊သုံးရက် ရှိပြီဆိုတော့ သိပ်အဆင်မပြေတော့ဘူး ။"လို့ ယုဇနဥယျာဥ်မြို့တော်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ရေပိုက်ဘားများပြင်ဆင်မှုပြီးစီးပါက မနက်ဖြန် ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းမှစတင်၍ ဘီ ဘလောက်နှင့် စီ စစ်‌တောင်းအိမ်ယာများသို့ စတင်ရေပေးဝေမည်ဖြစ်ပြီး ညနေပိုင်းတွင် အေ ဘလောက်နှင့် ချင်းတွင်းအိမ်ယာဘက်သို့ ရေပေးဝေမည်ဖြစ်ကြောင်းနှင့် ယခုရေဘားပြင်ဆင်မှုလုပ်ငန်းများကိုလည်း ခရိုင်စည်ပင်ရေသန့်ဌာန တာဝန်ရှိသူများက ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဓါတ်ပုံ - CJ

#Yangon_Media_Group