#LocalNews

Published - 2 Dec 2021

သိန်း ၂၀၀ အထက် ငွေကြေးသုံးဆွဲမှုများကို ထိန်းချုပ်လိုက်သည့်အတွက် လတ်တလောကာလမှာ ဆင်ခြေဖုံးမြို့နယ်များ၏ မြေကွက်အရောင်းအဝယ်များ ပြန်အေးသွားခဲ့တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။

 

"လက်ရှိက မြေကွက်အရောင်းအဝယ်တွေ ပြန်အေးနေတယ်လို့ ပြောလို့ရပါတယ်။ တချို့တလေလောက်ပဲ အရောင်းအဝယ် တွေ ရှိတော့တာပါ။စျေးကွက်ပြန်ငြိမ်နေတယ်လို့ပြောရမှာပေါ့။အစပိုင်းလတွေတုန်းကတော့ ကျွန်တော်တို့မြို့နယ်တွေမှာ အ ရောင်းအဝယ်လေးတွေက သူ့ဟာနဲ့သူရှိနေတာ။ သိန်း ၂၀၀ အထက် သုံးစွဲမှုမပြုရဘူးဆိုပြီး ကန့်သတ်ချက်လေးတွေရှိလာ တော့ ငွေပေးချေမှုတွေမှာ အခက်အခဲလေးတွေ ရှိလာတယ်။ အဲ့တော့ နည်းနည်းလေး ပြန်ပြီးအရောင်းအဝယ်ပါးသွားတဲ့ အ နေအထားပါ။"လို့ တောင်ဒဂုံမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ကျပ်သိန်း ၂၀၀ ထက်ပိုသော အရောင်းအဝယ်၊ ဝန်ဆောင်မှုလုပ်ငန်းမှန်သမျှကို ဘဏ်စနစ်အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများဖြင့် ဆောင်ရွက်ကြရန် ဗဟိုဘဏ်က ယခု နိုဝင်ဘာလဆန်းမှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။

 

ဒါကြောင့် အိမ်၊ခြံ၊ မြေ အရောင်းအဝယ်တွေ အပါအဝင် ကားရောင်းဝယ်ရေး စျေးကွက်တွေပါ ပြန်လည်အေးစက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

"အစပိုင်းတုန်းကတော့ လူတွေကလက်ထဲ ငွေမထားချင်ကြဘူး။ အဲ့တော့ ဒီဘက်မြို့နယ်တွေမှာရှိတဲ့ အိမ်ခြံမြေတွေကို လိုက်ဝယ်ကြတာ ။ အခုနောက်ပိုင်းကျ ငွေကြေးကန့်သတ်ချက်လေးအချို့ရှိလာတော့ အရောင်းအဝယ်ပိုင်းတွေမှာ နည်းနည်း လေးတန့်သွားတဲ့သဘောပါ။ တချို့တွေကလည်း ငွေသားလုံးကနဲပဲလိုချင်ကြတယ်။ အဲ့လိုအပိုင်းလေးတွေကြောင့် စျေးကွက်နည်းနည်းလေး အေးနေတဲ့သဘောပါ။" လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

#Yangon_Media_Group