Published_ 27 March 2024

တရုတ်-မြန်မာဗုဒ္ဓဘာသာပူး‌ပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ သံဃမဟာနာယကအဖွဲ့ဥက္ကဌအဖြစ်‌ ရွေးချယ်ခံရသော သန်လျင်မင်းကျောင်း ဆရာတော်အား‌တရုတ်သံအမတ်ကြီးနှင့် အဖွဲ့ဝင်များမှတွေ့ဆုံဖူးမြော်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသော သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ သံရုံးမှ သံမှူး Mr. Pan Feng၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဦးစိန်မော်၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့လည်း တက်ရောက်ခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခြင်းအတွက် တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ပြုလွှာကို လွှဲပြောင်းပေးအပ်ခဲ့သည်။ 

သံအမတ်ကြီး Mr. Chen Hai က တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဗုဒ္ဓဘာသာကူးလူးဖလှယ်မှု သမိုင်းကြောင်းကြာရှည်ကြောင်း၊ တရုတ်နိုင်ငံက နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလွန်အလေးထားကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော် ဆံတော်တိုက် လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ Polycarbonate တပ်ဆင်ခြင်း စသည့်စီမံကိန်းများကို ကူညီလုပ်ဆောင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုရားကျောင်းများအတွက် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ၏ အပြန်အလှန်ဖေးမကူညီသော အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အမြဲတစေအလေးထားကြောင်း၊ ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ကာ တရုတ်နိုင်ငံသို့သွားရောက်၍ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ် တက်ရောက်ခဲ့ဖူးကြောင်း၊ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဂရုပြုထောက်ခံအားပေးမှုဖြင့် နှစ်နိုင်ငံက ဗုဒ္ဓဘာသာကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုတွင် တစ်ဆင့်တိုးခိုင်မြဲတိုးတက်လာပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအတွက် တစ်တပ်တစ်အား အကျိုးထမ်းဆောင်ပေးမည်ဟု ယုံကြည်ကြောင်း လျှောက်ထားခဲ့သည်။

သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးက တရုတ်နိုင်ငံမှ မိမိတာဝန်ထမ်းဆောင်မှုကို ဂုဏ်ပြုခြင်းနှင့် လတ်တလောနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် လူမှုရေးပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အင်တိုက်အားတိုက်ကူညီပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် မိမိအကြိမ်များစွာ တရုတ်နိုင်ငံသို့ခရီးစဉ် သွားရောက်ခဲ့သည့်အတွေ့အကြုံကို ပြန်လည်မြွက်ကြားတော်မူခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်းဖြစ်ပြီး နက်ရှိုင်းစွာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုရှိကြောင်း၊ ဗုဒ္ဓဘာသာသည် နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးကိုချိတ်ဆက်ပေးသည့် အရေးပါပေါင်းကူးတံတားဖြစ်ကြောင်း၊ မိမိကိုယ်တိုင်သည်လည်း မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ဗုဒ္ဓဘာသာဝင်များကိုဦးဆောင်၍ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ မြန်မာ-တရုတ် နှစ်ထောင်ချီဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရေးအတွက် တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း မြွက်ကြားတော်မူခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group