Published_25 March 2024

AA က စစ်တွေမြို့သို့ပို့မည့် ငွေကျပ် ၁ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မတ်လ ၂၁ ရက် ဖမ်းဆီးရ မိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

စစ်တွေမြို့နေ AA အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးက ဘူးသီးတောင် မြို့နေ AA အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်း နှင့် ချိတ်ဆက်၍ မူးယစ်ဆေးဝါးများကိုရန်ကုန်မြို့မှတစ်ဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင် မြို့များသို့ ပို့ဆောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက တာ မွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာမှ အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် မူးယစ်ဆေးဝါးများသယ်ယူပို့ဆောင်ပေးသည့် ထွန်းသိန်းအောင်နှင့်၎င်း၏ ဇနီးဖြစ်သူ စုမြတ် ဝေတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့်“အမ်ဗွီ-စိန်ပြည့်မင်း”ကုန်တင်သင်္ဘော ကိုဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ကတ္တူဖာများအတွင်း၌ WY စာတန်းပါ(ပန်းရောင်)စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စုမြတ်ဝေ၏ ထွက်ဆိုချက်အရ မတ်လ ၁၄ ရက်တွင် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်နေ အစ်မဝမ်း ကွဲ၏ခင်ပွန်းဖြစ်သူ တရားခံပြေး သန့်ဇင်ဦးမှ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင် ပေးပါက ငွေကျပ်သိန်း ၂၀၀ ပေးမည်ဟု ပြောကြားသောကြောင့် ခင်ပွန်းဖြစ်သူ ထွန်းသိန်းအောင်နှင့် တိုင်ပင် ကာ သဘောတူလက်ခံခဲ့ကြောင်း၊ မတ်လ ၂၀ ရက်တွင် တရားခံပြေး သန့်ဇင်ဦး၏သား တရားခံပြေး ကျော်ပိုင် သူ လာရောက်ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများကို “ဂေါ်ဇီလာ”ဆပ်ပြာတောင့်များနှင့်အတူ ရောနှော ထုပ်ပိုးပြီး ကတ္တူဖာများအတွင်းထည့်ကာ ရခိုင် ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်ရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂) တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်ပေးခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ AA သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ် ပတ်သက်သည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ၉ ကြိမ်ရှိပြီး သိမ်းဆည်းရမိ မူးယစ် ဆေးဝါး ကာလတန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလီယံကျပ်ဖြစ် ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုအခါ တရားခံပြေး သန့်ဇင်ဦး နှင့် ကျော်ပိုင်သူ အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်း ဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group