၁၃ ဖေဖော်ဝါရီ ၂၀၂၄

စစ်မှုထမ်းဟောင်းတစ်ဦးအား  စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်တဲ့ အရန်တပ်ဖွဲ့ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ  စတင် အာဏာတည်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဖေဖော်ဝါရီ၁၃)ရက်တွင် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ဥပဒေကို ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ (၄)ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်    မှုးကြီးသန်းရွှေ လက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပါတယ်။

သို့သော် အဆိုပါဥပဒေ ပုဒ်မ(၁)၊ ပုဒ်မခွဲ(ခ)တွင် ဥပဒေအာဏာတည်သည့်ရက်ကို အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ် ရမည်  ဟုပါရှိသော်လည်း ယခင်အစိုးရအဆက်ဆက်တွင် အာဏာတည်သည့်အမိန့်ထုတ်ပြန်ခဲ့ခြင်းမရှိခဲဘဲ ယခု နစကလက်ထက်  တွင် အာဏာတည်သည့်အမိန့်ကို ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှ စ၍ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိပါတယ်။

ယင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက်နုတ်ထွက်သော သို့မဟုတ် အငြိမ်းစားယူသော စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေများအတွက် ဖြစ်စေ၊ စစ်မှု ထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသူအား တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့သောနောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံ တို့ကို သုံးစွဲ ခွင့်ပြုနိုင်ကြောင်းသိရပါတယ်။

ဥပဒေအရ အရန်တပ်ဖွဲ့ဝင်တစ်ဦးသည် တပ်မတော်မှရရှိသော အငြိမ်းစားလစာအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတ်မှတ်  သော အကျိုးခံစားခွင့်များကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

(မူရင်းဥပဒေအပြည့်အစုံကို လေ့လာနိုင်ရန် သီးခြားဖော်ပြပေးထားပါတယ်)

@ymg/knl