၁၃ ဖေဖော်ဝါရီ ၂၀၂၄

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်နှင့် ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်  ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီ ၁၃ရက်က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးရာမှာ ယခုလို ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး၊ အထူးသဖြင့်ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေနှင့် ပတ်သက်   ၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန် ထုပ်ဝန်ပိုးမဖြစ်ရန်လိုတယ်လို့လည်း ဗိုလ်ချုပ် မှူးကြီးကပြောတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင် ထုတ်ပြန်မည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပြီး စစ်မှုထမ်းဟောင်းများအနေဖြင့်နိုင်ငံတော်၏ ကာကွယ်ရေး အင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ဆက်လက်ပြောဆို ပါတယ်။

သို့သော် စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

ယင်းဥပဒေနှစ်ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေ  မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်တွက် နိုင်ငံ၏စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန်နေရန်  လိုတယ်လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။

ထို့အပြင် နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲလက်နက်ကိုင်၍ တောင်း ဆိုခြင်းကို တပ်မတော်  အနေဖြင့် လုံးဝလက်ခံမည်မဟုတ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထပ်မံအသိပေးပြောကြားပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီ ထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမယ်လို့လည်း ပြောပါတယ်။  

လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်းနှင့်ထိုသို့ဆောင်   ရွက်ပေး မည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမယ်လို့ ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြောကြားပါတယ်။

တက်ရောက်လာကြတဲ့ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီ များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြတယ်လို့သိရပါတယ်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ဥပဒေရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု   ဝန်ကြီးဒေါက်တာသီတာဦး၊ နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အဂတိလိုက်စားမှု   တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးစစ်အေးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးခဲ့ကြတယ် လို့ နစကရဲ့သတင်း  ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းနောက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေး  အတွက်  လည်း စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးက နိဂုံးချုပ်စကားပြောကြားရာမှာ ထည့်သွင်းပြောကြား   ခဲ့ပါ တယ်။

 လက်ရှိအချိန်သည် လာမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့်ကာလဖြစ်ပြီး လွတ်လပ်၍    တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း နိုင်ငံရေးပါတီများကို ဗိုလ်ချုပ်မှူးကြီးက အသိပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်။

တွေ့ဆုံပွဲသို့နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်း   ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ  ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ သီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

@ymg/knl