၈ ဖေဖော်ဝါရီ ၂၀၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် ကြာသပတေးနေ့အကူး  ၀၀:၀၂နာရီ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့သိရှိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသည် ဆရာတော် ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့တွင်ပါဝင်သည့် သီလဓမ္မကုန်းသာ တောရကျောင်းတိုက်ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု သည့် ဆရာတော်ကြီးများအားဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့်အခြေအနေများကို လျှောက်ထား ဆွေးနွေးခဲ့ပါတယ်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့သည် ဆရာတော်ကြီးများထံသို့ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိဆရာတော်ကြီးများတွင် ပါဝင်သဖြင့် အန္တိမ အဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် ကျင်းပနိုင်ရေး အတွက် ဗိုလ်ချုပ်မှူးကြီးက တာဝန်ရှိသူတွေကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရပ်ဝေးမှလာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် အများ    ပြည်သူများ သွားလာရေး၊ တည်းခိုနေထိုင် ရေးနှင့်စားသောက်ရေးတို့တွင် အဆင်ပြေ  ချောမွေ့မှုရှိစေရေး၊ သောက်သုံးရေများ လုံလောက်စွာရရှိရေးနှင့် အခြားလိုအပ်သည်များကိုလည်း နစက ဥက္ကဋ္ဌက ဆက်လက်မှာကြားခဲ့ပါတယ်။

နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး အလောင်း လျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင် တို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် ကျိုင်းတုံမြို့၊ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မရံသီ ကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေအဖြစ်သို့   လည်း  ကောင်း၊ ၁၃၀၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့လည်းကောင်း အသီးသီး  ရောက်ရှိတော်မူခဲ့ပါတယ်။

သက်တော် ၁၀ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာမူလတန်းပညာသင်ယူ တော်မူခဲ့ပြီး ကျိုင်းယင်း  ကျောင်းတိုက်ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို ဂုံရှမ်း ဘာသာဖြင့် မူလဓမ္မာစရိယတန်းအောင်မြင်သည်   အထိ ပညာသင်ယူဆည်းပူးတော်မူခဲ့ ကာ ၁၃၂၀ ခုနှစ်တွင် မူလဓမ္မာစရိယကို ဂုံရှမ်းဘာသာဖြင့် အောင်မြင်   တော်မူခဲ့ပါတယ်။

ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင် ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ ၄ ခုကို ဖွင့်လှစ်ထူထောင်ထားရှိ၍ စာသင်တိုက်များ၌ ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေ များအား အစိုးရပါဠိ ပထမပြန်မူ အတိုင်း ဂုံရှမ်းဘာသာဖြင့် အခြေပြ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီး  တန်း များကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ် ၅၀ တိုင် ကျင်းပပေးခဲ့ပါတယ်။

၁၃၅၅ နှစ်မှစတင်၍ ပိဋကတ် သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီလိတ်မြို့ ၊ ရွှေတိဂုံ  စေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုး ကွယ်ခြင်း များကို ဆောင်ရွက်ခဲ့ပါတယ်။

ထို့အပြင် တာချီလိတ်မြို့ အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက် မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာကို တည်ထောင်ဖွင့်လှစ်၍ လိုအပ်သောထောက်ပံ့မှုများ ဆောင်  ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြု အဆောက်  အဦများဆောက်လုပ်လှူဒါန်းပေးခြင်းများ စသည့် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့ပါတယ်။

ထိုကဲ့သို့ သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်တော် မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ မှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရပါတယ်။

ဆရာတော်ကြီးသည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါ အရောက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။

@ymg/knl