Published_8 Feb 2024
 
လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်ကို မိုင်းထောင်ဖောက်ခွဲခဲ့၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
 
ဖေဖော်ဝါရီလ ၇ ရက်ညေနေ ၄ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)၊ သုခလမ်းရှိ စန်းရွှင်ဟိုတယ် ရှေ့တွင် ဒေသန္တရမိုင်းဟုယူဆရသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။
 
သတင်းရ၍ အခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့ အဆိုပါဟိုတယ်၏ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးဆေး ပလယ်(၂၇)နှစ်၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၀)နေသူတွင် ယာလက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်းသွားလာသူ မချောစုအောင်(၁၈)နှစ်၊ ရပ်ကွက်(၅)၊ နယ်မြေ(၄)နေသူတွင် လည်ပင်း အရှေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ညိုသကြီးဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိထားသည်ကို တွေ့ရှိရ သဖြင့် ဆေးဝါးကုသနိုင်ရေး လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
 
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်နှင့် လုံခြုံရေးအထောက် အကူပြု မှတ်တမ်းများအား စိစစ်ချက်အရ အမျိုးသား ၂ ဦး က KENBO 110 ဆိုင်ကယ်ဖြင့် ဟိုတယ်ရှေ့သို့ ရောက်ရှိလာပြီး ဆိုင်ကယ်ကို ဟိုတယ်ရှေ့လမ်းဘေးတွင် ရပ်ထား ခဲ့ကာ ၎င်းတို့ ၂ ဦးပြန်လည် ထွက်ခွာသွား ပြီး မကြာမီ အဆိုပါဆိုင်ကယ်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ဟိုတယ်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက် နေ့ရက်စွဲဖြင့် KIO(KIA) အဖွဲ့က ဖေဖော်ဝါရီလ ၅ ရက် မတိုင်မီ အခွန်ငွေမပျက်မကွက်လာရောက်ပေးသွင်းရန်နှင့် လာရောက်ဆက်သွယ် ပေးသွင်းခြင်းမရှိပါက ပြင်းထန်စွာအ ရေးယူမည်ဟု စာရေးသားပေးပို့ထားကြောင်းလည်း သိရသည်။
 
ယင်းကြောင့် အကြမ်းဖက်ဖောက်ခွဲခဲ့သူ အမျိုးသား ၂ ဦးအား လားရှိုးမြို့မ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၀(ဈ)/၅၄ နှင့် အမှုဖွင့်လှစ်ပြီး တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Yangon_Media_Group
#YMG_News #Yangon_Times