#LocalNews

Published - 26 Nov 2021

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်တွက်ချက်မှုပုံစံပြင်ဆင်သတ်မှတ်လိုက်ကြောင်းနှင့် အဆိုပါ တွက်ချက်မှုပုံစံသစ်ကို (၆)လ ကျင့်သုံးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ ၂၅ ရက် နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ညွှန်ကြားချက်ထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များကထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ဘဏ်များမှအပဆက်သွယ်သူများ၏ အပ်နှံငွေစုစုပေါင်း၏ (၅)ရာခိုင်နှုန်းထားရှိရန်ရည်ညွှန်းချက်(၁)ပါ ညွှန်ကြားချက်(၁၀/၂၀၁၅)ဖြင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ ကြောင်း၊ ဘဏ်များသည် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အား ဘဏ်များ၏ စာရင်းရှင်အပ်ငွေ(CAB)တစ်မျိုးတည်းဖြင့်သာထားရှိရန်ဖြစ် ကြောင်း  ဖော်ပြပါရှိခဲ့ပါတယ်။

ယခုထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၇.၂.၂၀၁၅) ရက်စွဲပါ ညွှန်ကြားချက် အမှတ် (၁၀/၂၀၁၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၉.၄..၂၀၂၀)ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၆/၂၀၂၀)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၇.၅..၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၆/၂၀၂၁)ဖြင့် ထုတ်ပြန်ထားသော ရာခိုင်နှုန်းအောက် နည်းသောပမာဏဖြင့် ပြောင်းလဲကျင့်သုံးမည်ဖြစ်ကာ ယခုအနည်းဆုံးသီးသန့်ငွေလိုအပ်ချက်တွက်ချက်မှုပုံစံသစ်အား (၈.၁၂..၂၀၂၁ မှ ၄.၁..၂၀၂၂)အထိ ထိန်းသိမ်းမှုကာလမှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး (၆)လယာယီအသုံးပြုသွားမှာဖြစ် ကြောင်း သိရပါတယ်။

ထိုအပြင် ကိုဗစ်-၁၉ ကာလအတွင်း ဘဏ်စနစ်အတွင်းငွေကြေးလုံလောက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးအား ၅ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းသိုလည်းကောင်း၊ ၃.၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို လည်းကောင်း အသီးသီးပြင်ဆင်လျှော့ချသတ်မှတ်ခြင်းကို ရည်ညွှန်းချက် (၂)ပါညွှန်ကြားချက် (၆/၂၀၂၀)နှင့် ရည်ညွှန်းချက်(၃) ညွှန်ကြားချက်(၆/၂၀၂၁)တိုဖြင့်ထုတ်ပြန်ဆောင်ရွက်ခဲ့  ကြောင်း ဗဟိုဘဏ်က ဆိုပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ငွေကြေးစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်နှင့် ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား ဘဏ်များ၏စာရင်းရှင် အပ်ငွေ(CAB)အပြင် ဘဏ်များလက်ဝယ်ရှိငွေသား (Cash at Bank)ကို ထည့်သွင်းတွက်ချက်ရန် အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက် ကြောင်းလည်း သိရပါတယ်။

ယင်းမှာ မြန်မာကျပ်ငွေဖြင့်ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်း၏ ၇၅ ရာခိုင်နှုန်း(၂.၂၅%)အား ဘဏ်များ၏စာရင်းရှင်အပ်ငွေ (CAB)ဖြင့်ထားရှိရန်၊ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်း၏ ၂၅ ရာခိုင်နှုန်း
(ဝ.၇၅%)အား ဘဏ်များလက်ဝယ်ရှိငွေသား(Cash at Bank)ဖြင့်ထားရှိရမှာဖြစ်တယ်လို့လည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ဘဏ်သည် ထိန်းသိမ်းမှုကာလနောက်ဆုံးရက်တွင် ပျမ်းမျှစာရင်းရှင်အပ်ငွေ (Average CAB) အရလည်းကောင်း၊ ပျမ်းမျှလက်ဝယ်ရှိငွေသား (Average Cash) အရလည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်း ကိုပြည့်မီမှုမရှိပါက အဆိုပါဘဏ်အား အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် လိုက်နာမှုမရှိသောဘဏ် အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒဏ်ကြေးဆိုင်ရာညွှန်ကြားချက် (၁၂/၂၀၁၆)ပါအတိုင်း ဒဏ်ကြေးပေးဆောင်စေမည်ဟုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့တာပါ။

ဓါတ်ပုံ - မြန်မာနိုင်ငံ တော်ဗဟိုဘဏ်။

#YangonMediaGroup