5 February 2024

'၂၀၂၄ ခုနှစ် ပျော်ရွှင်ဖွယ်တရုတ်နှစ်သစ်ကူးပွဲတော်သဘင်'ကို“ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါ ရီလ ၄ ရက်မှ ၆ ရက်အထိရန်ကုန်တရုတ်ယဉ်ကျေး မှုစင်တာ၌ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး မြန်မာအပါအဝင်  မြောက်ကိုရီးယား၊ စင်ကာပူ၊ လာအို၊ ဗီယက်နမ်၊ ထိုင်းသံတမန်များပါတက်ရောက်ခဲ့ကြောင်း သိရသည်။

နဂါးနှစ် တရုတ်နွေဦး နှစ်သစ်ကူးပွဲတော် ကျရောက်လာတော့မည့်အခါသမယတွင် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ ကြီးမှူးကျင်းပ၍ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနနှင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့မှ တာဝန်ခံကျင်းပသည့် ၂၀၂၄ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးပွဲတော်သဘင်” ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ဖွင့်လှစ်ကျင်းပခဲ့ခြင်းဖြစ်သည်။  

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြောက်ကိုရီးယား၊ စင်ကာပူ၊ လာအို၊ ဗီယက်နမ်၊ ထိုင်းစသည့်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Pan Feng ၊ သံမှူး Mr. Yu Jinfeng ၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဌာနမှူး Mr. Xiang Jianbo နှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် ပညာရေးနယ်ပယ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီနှင့် တရုတ်နွယ်ဖွား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ 

အဆိုပါ ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး ပွဲတော်သဘင်ကို “ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းသည်မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်အခမ်းအနားများ၏ အရေးကြီးအစိတ်အပိုင်းဖြစ်ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group