၂၈ ဇန်နဝါရီ ၂၀၂၄

လာအိုမှာကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်တက်ရောက်နေပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးကို စေလွှတ်ဖို့ အာဆီယံကဆုံးဖြတ်ထားတဲ့အပေါ် မြန်မာနိုင်ငံနစကမှ လာအိုမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဒေါ်မာလာသန်းထိုက်ကို စတင်စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့်အခြား သံတမန်အရင်းအမြစ်နှစ်ခုကလည်း ဒေါ်မာလာသန်းထိုက် တက်ရောက်နေတာကို အတည်ပြုတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။

“အာဆီယံရဲ့မူဝါဒမပြောင်းလဲဘူး။ မြန်မာဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်လုပ်ဆောင်ရာမှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” လို့ ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun ဟာ ရာထူးလက်ခံပြီးသိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံ နေပြည်တော်ကိုလာရောက်ပြီး နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ဦးစားပေး  အကောင်အထည်ဖော်  ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စများဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ လွမ်ဖရာဘန်မြို့မှာ ယနေ့ ဇန်နဝါရီ ၂၈ ရက်မှာကျင်းပနေတာဖြစ်ပါတယ်။

@ymg/knl