၁၂ ဇန်နဝါရီ ၂၀၂၃

နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး  ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee နှင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ ကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရမည့်အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်ကြီး Songwit Noonpackdee တို့ဟာ ယနေ့ ဇန်နဝါရီ ၁၂ရက် ညနေပိုင်းက ် Video Conferencing ဖြင့် ဆွေးနွေးကြရာမှာ အဆိုပါအချက်ကိုထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီး Songwit Noonpackdee တို့သည် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်း လောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများကိုဆွေးနွေးခဲ့ပြီး အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရမည့် အခြေအနေများကို‌ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့ အဆင်ပြေစေရေး အတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်သတင်းအချက် အလက်ဖလှယ်ရေးကိုလည်း နှစ်နိုင်ငံတပ်ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြတယ်   လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းအပြင် နှစ်နိုင်ငံတပ်မတော်ခေါင်းဆောင်နှစ်ဦးသည် လူသားချင်းစာနာထောက်ထားမှုနှင့် အကူအညီပေးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားသာမက နှစ်နိုင်ငံ ဝန်ကြီးဌာနများ အချင်းချင်းလည်း တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ နယ်စပ်ဒေသများ၌ တောမီးလောင်ခြင်းနှင့် နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေးဆိုင်ရာများနှင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။

အဆိုပါဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ Air Chief Marshal Chakorn Tawanjang နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

-ymg/knl