Published_ 13 January 2024

ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးကူးခြင်းနှင့် ခိုးကူးရုပ်ရှင်များကိုဖြန့်ချိပြသနေမှုကို ရုပ်ရှင်ရုံများ၊ အနုပညာဖန်တီးသူများနှင့် ကာကွယ်တားဆီးရေးအဖွဲ့များမှပူးပေါင်းကာကွယ်သွားကြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။

ယင်းကဲ့သို့ဆောင်ရွက်ရန်ရှိကြောင်းကို အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ၏ တတိယအကြိမ်အစည်းအဝေးနှင့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ‘‘ ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးကူးမှုတွင် စောင့်ကြည့်မှုနှင့်အတူ ရုပ်ရှင်ရုံများမှတာဝန်ရှိသူများနှင့် အနုပညာကို ပုံဖော်ဖန်တီးကြသည့် မူလပိုင်ရှင်များကလည်း ပူးပေါင်းကာကွယ်သွားရမည်ဖြစ်ကြောင်း၊ ထိုအပြင် ရုပ်ရှင်ရုံအတွင်းမှ မြန်မာ့ရုပ်ရှင်များ ခိုးကူးနေမှုကို အများပြည်သူသိရှိနိုင်ရန် ရုပ်ရှင်ရုံအတွင်း အသိပညာပေးပြသခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခိုးကူးရုပ်ရှင်များ ဖြန့်ချိပြသနေမှု ထိန်းသိမ်းနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သက်ဆိုင်ရာအဖွဲအစည်းများကို ကျေးဇူးတင်ရှိကြောင်း၊ တရားမဝင်ခိုးယူဖြန့်ချိမှုပပျောက်ရန် မတရားမှုများကို ဝိုင်းဝန်းတိုက်ဖျက်သွားရမည်ဖြစ်ပြီး ပပျောက်သွားရန် မည်သိုကာကွယ်သွားမည်ကို တက်ရောက်သူများက အကြံပြုဆွေးနွေးသွားစေလိုကြောင်း’’ပြောသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက ‘‘အနုပညာဆိုင်ရာ ဆောင်ရွက်မှုတွင် အခြေအနေနှင့်ကိုက်ညီစွာ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းပလက်ဖောင်းတွင် ခိုးယူပြသနေသည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို ဥပဒေအရဖော်ထုတ်အရေးယူ‌ဆောင်ရွက်နိုင်မှုတွင်လည်း ထိရောက်အောင်မြင်မှုကို တွေ့ရှိရကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်ဇာတ်ကားများကို ဆင်ဆာမူဝါဒနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပြီး တရားမဝင်ခိုးကူး ဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲစည်း ဆောင်ရွက်ခဲ့ကြောင်း’’ ပြောကြားခဲ့သည်။

ယင်းနောက် ကာကွယ်တားဆီးရေးအဖွဲ့ခွဲများ ဖြစ်ကြသည့် ဆက်သွယ်တိုင်ကြားနိုင်ရေးအဖွဲ့ခွဲ၊ စောင့်ကြည့်စိစစ် လေ့လာရေးအဖွဲ့ခွဲ၊ နည်းပညာပိုင်းဆိုင်ရာအကူအညီပေးရေးအဖွဲ့ခွဲ၊ အရေးယူဆောင်ရွက်ရေးအဖွဲ့ခွဲ၊ အသိပညာပေးရေးအဖွဲ့ခွဲနှင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တိုမှ တာဝန်ရှိသူများ၊ အွန်လိုင်းမှတက်ရောက်သူများက ဆောင်ရွက်ရန်ရှိသည့်အကြောင်းအရာများကိုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News