Published 31. December 2023

  နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော် ကျင်းပမည်ဖြစ်သောကြောင့် ရန်ကုန် တွင် ညမထွက်ရ အမိန့် တစ်ရက်တာ ပယ်ဖျက်ပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

နှစ်သစ်ကူးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူရင်ပြင်၌ 2024 New Year Countdown ပွဲတော် ကျင်းပပြုလုပ်ရန် စီစဉ်ထားသဖြင့် တစ်ရက်တာ ညမထွက်ရအမိန့် ပယ်ဖျက်ခွင့်ပြုကြောင်း သိရသည်။

  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အားလုံး) ထံ ပေးပို့ထားသည့် အသိပေးစာအတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်သည့် ညမထွက်ရအမိန့်ကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီမှ ၃ နာရီထိ ပယ်ဖျက်ကြောင်း ဖော်ပြထာသည်။

   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် New Year Countdown 2024 ပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ညနေ ၆ နာရီမှ စတင်ကာ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

  ပွဲတော်၌ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကာ မီးရှူးမီးပန်းပစ်ဖောက်ခြင်း အပါအဝင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
Published 31 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group