၂၅ ဒီဇင်ဘာ ၂၀၂၃

ပို့ကုန်တင်ပို့သူတွေအနေနှင့် ပို့ကုန်ရငွေများပြည်လည်ဝင်ရောက်ရမည့်ကာလသတ်မှတ်ချက်တွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကြေညာပါတယ်။

ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀)ရက်သို့ လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့ သည့်နေ့မှ ယခင်(၉၀)ရက်အစား (၆၀) ရက်သို့လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၅ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့်  ကြော်ငြာစာအမှတ် ၂၇ /၂၀၂၃ တွင်ဖော်ပြထားပါတယ်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၂) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း ပြန်လည်ဝင်ရောက်ရန် သတ်မှတ်ထားခဲ့တာဖြစ်ပြီး ယင်းကို ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။

ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အရအရေးယူခြင်းခံရမယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေလက်မှတ်ရေးထိုး ထုတ်ပြန်တဲ့အဆိုပါအမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။

-ymg/knl