၈ ဒီဇင်ဘာ ၂၀၂၃

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့ဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေကို လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ အထူးလုပ်ငန်းအဖွဲ့ task force တစ်ခုကို ဖွဲ့စည်းဖို့သဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၈ ရက်မှာ သတင်းရေးသားပါတယ်။

အဆိုပါအထူးလုပ်ငန်းအဖွဲ့ထဲမှာ  အခြားသော အကူအညီပေးရေးအေဂျင်စီတွေပါ ထည့်သွင်းပါဝင်လာနိုင်တယ်လို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

ယခုအစီအစဉ်ဟာ မြန်မာနိုင်ငံနှင့် အာဆီယံအကြား အပြုသဘောစေ့စပ်ဆွေးနွေးမှုကိုလည်း ဦးတည်သွားစေလိမ့်မယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အောက်တိုဘာမှာ သူပုန်တွေက စတင်ထိုးစစ်ဆင်ကတည်းက လူပေါင်း သုံးသိန်းကျော်နေရပ်စွန့်ခွာခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

“ မြန်မာနိုင်ငံဘက်က ဒီကိစ္စဆွေးနွေးဖို့ အလုပ်အဖွဲ့တစ်ဖွဲ့ကို ထိုင်းနိုင်ငံဆီ မကြာမီစေလွှတ်ပါလိမ့်မယ်။  ကနဦး အကောင်အထည်ဖော်မှု အောင်မြင်ခဲ့ရင် အနာဂတ်မှာ အခြားသော အကူအညီပေးရေးအေဂျင်စီတွေကို ဖိတ်ခေါ်ပါမယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက “ အထူးလုပ်ငန်းအဖွဲ” နှင့်ပတ်သက်ပြီး ပြောဆိုပါတယ်။

ယခုဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ  ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘဟီဒါနူကာရာနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

-ymg/knl