၃၁ အောက်တိုဘာ ၂၀၂၃

အမေရိကန်ပြည်ထောင်စုက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် စီးပွားရေးပိတ်ဆို့ကန့်သတ်မှုပုံစံတစ်ခု ချမှတ်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကပြောတဲ့အကြောင်း ရိုက်တာကသတင်းပေးပို့ပါတယ်.

ဒါပေမယ့် အဆိုပါ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုပုံစံဟာ လက်ရှိစစ်အစိုးရရဲ့ အဓိကနိုင်ငံခြားငွေရရှိနေတဲ့အရင်းအမြစ်ဖြစ်တဲ့ အဲဒီဌာနအပေါ် အပြည့်အဝပိတ်ဆို့အရေးယူမှုအထိမရောက်ရှိဘဲ အတိုင်းအတာတစ်ခုမှာရပ်ထားခဲ့တာဖြစ်တယ်လို့လည်း သတင်းကရေးပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာစတင်မယ့် ယခုပိတ်ဆို့ကန့်သတ်မှုပုံစံဟာ နိုင်ငံတော်ပိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပေါ် အမေရိကန်တွေရဲ့ အချို့သော ဘဏ္ဍာရေးလုပ်ငန်းတွေကိုသာ ကန့်သတ်လိုက်တာဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို အမေရိကန်က တိုက်ရိုက်အရေးယူခြင်းဖြစ်ပြီး ယခင်က ခေါင်းဆောင်တွေကိုသာ ဦးတည်အရေးယူခဲ့တာဖြစ်ပါတယ်။

ကန့်သတ်လိုက်တဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေဆိုတာ ချေးငွေ၊ငွေစာရင်း၊အာမခံလုပ်ငန်း၊ရင်းနှီးမြှပ်နှံမှုနှင့် အခြားလုပ်ငန်းတွေ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အရေးယူမှုကြောင့် MOGE ဟာ အမေရိကန်ရဲ့ ဘဏ်စနစ်ထဲကထုတ်ပယ်ခံရပြီး အမေရိကန်နှင့်ကုန်သွယ်ရေးကိုပိတ်ပင်ထား ကာ အမေရိကန်မှာရှိတဲ့ ယင်းရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်လိုက်မှာဖြစ်ပါတယ်။

ယင်းအပြင် မြန်မာစစ်တပ်နှင့်အဆက်အသွယ်ရှိတဲ့ လုပ်ငန်း(၃)ခုနှင့် လူပုဂ္ဂိုလ် (၅)ဦးတို့ကိုလည်း အမေရိကန်က စီးပွားရေး ကန့်သတ်အရေးယူမှုပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ယခုဆောင်ရွက်မှုတွေကို ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့နှင့်အတူညှိနှိုင်းချမှတ်ဆောင်ရွက်တာလို့လည်းပြောပါတယ်။

ကနေဒါက မြန်မာစစ်အစိုးရကိုထောက်ခံတဲ့ လူပုဂ္ဂိုလ်၃၉ဦးနှင့် လုပ်ငန်း ၂၂ခုကို ပိတ်ဆို့ကန့်သတ်မှုလုပ်ခဲ့ပါတယ်။ ဗြိတိန်က မြန်မာအစိုးရကို ဘဏ္ဍာရေးလုပ်ငန်းတွေဝန်ဆောင်မှုပေးခဲ့တဲ့ ဒါမှမဟုတ် လေယာဉ် အစိတ်အပိုင်းတွေအပါအဝင် ကန့်သတ်ထားတဲ့ပစ္စည်းတွေရောင်းပေးတဲ့ လူပုဂ္ဂိုလ်(၅)ဦးနှင့် လုပ်ငန်း(၁)ခုကို ပိတ်ဆို့ကန့်သတ်ခဲ့ကြောင်းကြေညာပါတယ်။  နှစ်နိုင်ငံစလုံးက သူတို့ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ MOGE ကို ညွှန်းဆိုဖော်ပြမထားပါဘူးလို့ ရိုက်တာကရေးသားပါတယ်။

Soure Reuters

-ymg/knl