အောက်တိုဘာ၃၁၊၂၀၂၃

မြန်မာနှင့် တရုတ် နှစ်နိုင်ငံပူးတွဲ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအခြေအနေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး  Wang  Xiaohong တို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး  Wang  Xiaohong ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာ ၃၁ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် အထက်ပါကိစ္စ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်ကတည်းက တိုင်းရင်းသား အဖွဲ့များ  အချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှု၊ အချို့တိုင်းရင်း   သားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ ကိုးကန့်ဒေသအတွင်း “ဖုန်” / “ရန်”အဖွဲ့တို့ အရေးအခင်း ဖြစ်ပွားခဲ့မှု၊ “ပယ်”အဖွဲ့အား တာဝန်ပေးအပ်ခဲ့မှု

တွေကိုလည်း ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာWang  Xiaohong တို့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။

ဆက်လက်ပြီး ထိုအဖွဲ့များ၏ အာဏာရလိုမှု၊ လက်နက်ခဲယမ်းများထုတ်လုပ်နေမှု၊ လက်နက် ခဲယမ်းများ ဝင်ရောက်မှုများကြောင့် ဒေသတွင်းနှင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်း ရေးကို ထိခိုက်ပျက်စီးစေလျက်ရှိမှု၊ နယ်စပ်ဒေသတွင် တရားမဝင်အွန်လိုင်း လောင်း ကစားမှုများနှင့် ဆက်သွယ်ရေး လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိမှုတို့ကို  ထိထိရောက်ရောက် တင်းတင်းကြပ်ကြပ် အရင်းအမြစ် ကစ၍ နှိမ်နင်းဖော်ထုတ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ အဆိုပါ ဒေသအတွင်းရှိ ဥပဒေနှင့်ညီညွတ်မှု မရှိသည့်လုပ်ငန်းများကို စိစစ်ဖော်ထုတ်သွားမည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်  ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရ သည့် နိုင်ငံတစ်နိုင်ဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည် စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ  ၏ အရှေ့မြောက်ပိုင်းဒေသတွင် MNDAA သောင်းကျန်းသူများက နယ်မြေ တည်ငြိမ်အေးချမ်းမှု  ပျက်ပြားစေ  ရန်ရည်ရွယ်၍ လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ ဆောင်ရွက်လာသည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ယင်းအပြင် လောက်ကိုင်ဒေသတွင် ကိုယ်ကျိုးစီးပွား အတွက် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေး  လိမ်လည်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုများ ဆောင်ရွက်နေမှုများအား နှစ်နိုင်ငံပူးပေါင်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ့နိုင်ငံရေးအပါအဝင် အခြားကမ္ဘာ့နိုင်ငံအရေး   များ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှ ဝင်ရောက်စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏ အကျိုးအတွက်သာကြည့်ပြီး အခြားနိုင်ငံများအပေါ် Double Standard ဖြင့် ချယ်လှယ်ဆောင်ရွက်နေသည့်အခြေအနေများကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး တို့တက်ရောက်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

-ymg/knl