Published 11 Nov 2021

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးသိပ္ပံ (SAI) များ ပညာသင်ကြားရေးနှင့် ဆရာ ဆရာမများ လေ့ကျင့်ရေးစွမ်းရည်မြှင့်တင်ရေး စီမံကိန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက် ၂၀၁၈ ခုနှစ်မှစပြီး စီမံကိန်းကို စတင်ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးကပြောပါတယ်။

သုံးနှစ်တာကာလအတွင်း စီမံကိန်းကနေ လေ့ကျင့်မှုအနေနဲ့ လေးကြိမ်၊ တရုတ်နိုင်ငံသို့ Study Tour တစ်ကြိမ် သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် မဲခေါင်မြစ်ဖြတ်သန်း စီဆင်းသွားတဲ့  နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် အဖွဲ့ဝင် (၆) နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ၂၀၁၆ ခုနှစ်မှ စတင်ပြီး အကောင်အထည်ဖော်ခဲ့ရာ အခုဆိုရင် စတုတ္ထအကြိမ် ရှိပြီ ဖြစ်ပါတယ်။

စိုက်ပျိုးရေးနဲ့သက်ဆိုင်ရာ စီမံကိန်းတွေကို ၂၀၁၇ ခုနှစ်မှာ စီမံကိန်း ၅ ခု၊ ၂၀၁၈ ခုနှစ်က ဒုတိယအကြိမ် စီမံကိန်း ၉ ခု၊ ၂၀၂၀ ခုနှစ်တွင် တတိယအကြိမ် စီမံကိန်း ၆ ခုနဲ့ ယခုနှစ် ၂၀၂၁ ခုနှစ် စတုတ္ထအကြိမ် စီမံကိန်း ၄ ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဆိုပါ အထူးရန်ပုံငွေဖြင့် လယ်သမားတွေရဲ့ စွမ်းရည်နဲ့ ကုန်ထုတ်လုပ်မှုစွမ်းရည်ကောင်းမွန်လာစေပြီး အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ကာ မြန်မာနိုင်ငံနဲ လန်ချန်း-မဲခေါင်နိုင်ငံများနဲ့ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ  ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေတယ်လို့ တရုတ်သံရုံးရဲ့သတင်းထုတ်ပြန်ပေးချက်အရသိရပါတယ်၊