#Local_News
Published_ 3 September 2023


ပုဂံယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ နေပြည်တော် ကျောက် မျက်ခန်းမနှင့် ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယစကျင်ဗုဒ္ဓရုပ်ပွားတော် စသည့် ခရီးစဉ်များကို လာရောက်လည်ပတ်ရန် နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦး က တရုတ်နိုင်ငံ ကျင်းသကျန်းမြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့ စတင်တည်ထောင်ခြင်းအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် ဖိတ်ကြားခဲ့ပါတယ်။

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် က ယခုဖွဲ့စည်းသည့် မဟာမိတ် အဖွဲ့သည် ကမ္ဘာ့စီးပွားရေးကို အထောက်အကူဖြစ်စေရန် အလားအလာကောင်းများ ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲ သော ဖွံ့ဖြိုးတိုးတက်မှုကိုမောင်းနှင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်နှင့် မိမိတို့နိုင်ငံသားများ၏ လူမှုစီးပွား အခြေအနေများကိုမြှင့်တင်ရန် ခရီးသွားလုပ်ငန်း၏ စွမ်းအားကို အသုံးချနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံအကြား ခရီးသွားလုပ်ငန်း ကဏ္ဍအပြင် အခြားသော ပူးပေါင်း ဆောင်ရွက်မှုများအနေဖြင့် များစွာရှိနေပြီးဖြစ်ကြောင်း၊ ယခု မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများနှင့် မြို့တော်များအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအပြင် အခြားသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

 

အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမ မြို့တော်များ ခရီးသွားလာရေး မဟာမိတ်အဖွဲ့စတင်တည်ထောင်ခြင်း အခမ်းအနားသို့ တရုတ်နိုင်ငံမှ မြို့တော် ၂၂ မြို့နှင့် နေပြည်တော် မြို့တော်အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိက ဒေသများရှိ နိုင်ငံ ၂၅ နိုင်ငံမှ မြို့တော် ၃၆ မြို့ စုစုပေါင်းအဖွဲ့ဝင်မြို့တော် ၅၈ မြို့ ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

 

#ygm_mnn #Local_News #ပုဂံဒေသ #ခရီးသွားလာရေးမဟာမိတ်အဖွဲ့
#Yangon_Media_Group