Published 9 Nov 2021

ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ မာတင်ဂရစ်ဖစ်က ပဋိပက္ခတွေကြီးထွားလာပြီး စီးပွားရေးကျဆင်းမှုတွေကြောင့် လူဦးရေသုံးသန်းကျော်ဟာ အသက်တွေကယ်တင်ဖို့ အကူအညီတွေလိုအပ်လာခြင်းနှင့်အတူ  မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေဟာ ယိုယွင်းပျက်စီးလာနေတယ်လို့  တနင်္လာနေ့က သတိပေးပြောကြား လိုက်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။

ကုသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို တနင်္လာနေ့က တံခါးပိတ်ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ ပြန်လည်ရွေးချယ်ခံရတဲ့ ပထမနှစ်ပတ်လည်နေ့နှင့်တိုက်ဆိုင်နေတယ်လို့လည်း သတင်းက ဆိုပါတယ်။

ကုသမဂ္ဂပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတက်ဖန်းဒူဂျာရစ်က ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူတွေက လွတ်လပ်ပြီးတရားမျှတတယ်လို့ ယူဆခဲ့ကြကြောင်းနှင့် မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေရဲကဆန္ဒကို အလေးထားပြီး နိုင်ငံကို ဒီမိုကရေစီအသွင်းကူးပြောင်းရေး လမ်းကြောင်းပေါ်ပြန်တင်ဖို့ ကုလက ထပ်မံတိုက်တွန်းတယ်လို့ ပြောကြားပါတယ်။

ဒီလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပပေးဖို့ ဗြိတိန်က မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။

“ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ မြှင့်တင်နေခြင်းကို အထူးစိတ်ပူပန်မိပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်တော်တို့မြင်ခဲ့တဲ့ ရခိုင်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ဆောင်ရွက်ခဲ့တာတွေကို ထင်ဟပ်နေပါတယ်” လို့ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဒုတိယသံအမတ် ဂျိမ်းစ်ကာရီယူကီက သတင်းထောက်တွေကိုပြောပါတယ်။

ဂရစ်ဖစ်က မြန်မာနိုင်ငံရဲ့အနောက်မြောက်ဖက်အခြေအနေဟာ ချင်းပြည်နယ်မှာ မြန်မာစစ်တပ်နှင့် Chinland Defence Force တို့အကြား၊မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မြန်မာစစ်တပ်နှင့်PDFတို့အကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်လာတာနှင့်အမျှ အထူးစိုးရိမ်စရာဖြစ်လာနေတယ်လို့ သူ့ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။

“အမျိုးသမီးတွေနှင့်ကလေးသူငယ်တွေအပါအဝင် လူပေါင်း ၃၇၀၀၀ ကျော်ဟာ နေရပ်ရွှေ့ပြောင်းခဲ့ကြရပြီး အိမ်ပေါင်း ၁၆၀ကျော် မီးလောင်ကျွမ်းခဲ့တယ်။ အဲဒီအထဲမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနှင့် လူသားချင်းစာနာ    ထောက်ထားမှု    ဆိုင်ရာ အဖွဲ့အစည်းတစ်ခုလည်းပါဝင်ခဲ့တယ်” လို့ ဂရစ်ဖစ်က ပြောပါတယ်။

အကူအညီပေးရေးလုပ်သားတွေနှင့် အစီအမံတွေအပါအဝင် အရပ်သားတွေနှင့် အရပ်ဖက်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာတွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေတွေက တားမြစ်ထားပါတယ်။ အဲဒါတွေကို ချက်ခြင်းရပ်တန့်ပေးဖို့ သူက တောင်းဆိုထားကြောင်း ရိုက်တာကရေးသားပါတယ်။

Source Reuters