24 August 2023

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားလုပ်ငန်းရှင် (၂)ဦးနှင့် သူတို့ရဲ့ ကုမ္ပဏီ(၃)ခုကို စီးပွားရေးအရေးယူ ကန့်သတ်   ပိတ်ဆို့မှုအသစ်တွေထပ်မံပြုလုပ်လိုက်တယ်လို့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဩဂုတ် ၂၃ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဂျက်လေယာဉ်ဆီတွေတင်သွင်းမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နှင့် အမေရိကန်အစိုးရရဲ့ စီးပွားရေးကန့်သတ် အရေးယူမှုခံရတဲ့ မြန်မာလုပ်ငန်းရှင်နှစ်ဦးက ဒေါ်ခင်ဖြူဝင်းနှင့် ဦးဇော်မင်းထွန်းတို့ဖြစ်ကြပါတယ်။ အဲဒီအပြင် သူတို့ ထိန်းချုပ်ထားတယ်လို့ဆိုတဲ့  Shoon Energy PTE. LTD၊ PEIA PTE. LTD.နှင့်  P.E.I Energy PTE. LTD တို့ကိုလည်း ပိတ်ဆို့ ကန့်သတ်မှုစာရင်းထဲထည့်သွင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီကုမ္ပဏီတွေ  အားလုံးဟာ စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့စီးပွားရေးပိတ်ဆို့ကန့်သတ်မှုပြုလုပ်ခံရတဲ့လူပုဂ္ဂိုလ်တွေနှင့် ကုမ္ပဏီတွေဟာ မြန်မာတပ်မတော်ကို ဂျက်လေယာဉ် လောင်စာဆီတင်သွင်းရောင်းချဖြန့်ဖြူးရာမှာပါဝင်ပတ်သက်တယ်လို့ အမေရိကန်အစိုးရကစွပ်စွဲခဲ့တာဖြစ်ပါတယ်။