Published-7 Nov 2021

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် အကျိုးတရားများကို ပြည်ထောင်စုသားအချင်းချင်း မျှဝေခံစားနိုင်မယ့် အခွင့်အလမ်းများ နည်းပါးနေဆဲ ဖြစ်နေဟု နစက ဥက္ကဋ္ဌက  (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာမှာ ပြောဆိုလိုက်ပါတယ်။

 

ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပါဝင်ပြီး အမှန်တကယ်တည်ဆောက်ပေးနိုင်ပါက မိမိတို့အားလုံး မျှော်မှန်းတဲ့ လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်မဝန်းကြီးတစ်ခု အမြန်ဆုံးပေါ်ပေါက်လာမယ့်လို့ ယုံကြည်မိတယ်လို့လည်း ဒီကနေ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

 

ရှေ့ဆက် ရင်ဆိုင်ရမယ့် နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်လာမယ့် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများရဲ့ မျိုးချစ်စိတ်ဓာတ်ဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

 

ယနေ့အချိန်ကာလဟာ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်တဲ့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အချိန်အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်တဲ့ ကရင်ပြည်နယ်နေ့ အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှ် တိုင်းရင်းသားပြည်အားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆော်ရွက်ကြရန် တိုက်တွန်းထားပါတယ်။

 

၁၉၅၁ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအမှတ်(၆၂)အရ သံလွင်ခရိုင် ဖာပွန်ဒေသကို ကရင်ပြည်နယ် အဖြစ် စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် သံလွင်ခရိုင်နှင့်ဆက်စပ်ဒေသတွေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ဘားအံမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်တို့ကို ဒုတိယအဆင့်၊ ယင်းမှ မြဝတီမြို့ကို မြို့နယ်အဖြစ်သတ်မှတ်ပြီး ကရင်ပြည်နယ်ကို မြို့နယ်ပေါင်း(၇)မြို့နယ်အဖြစ် အဆင့်ဆင့် ဖွဲ့စည်းခဲ့ကြပါတယ်။

အဲဒီနောက် သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ်စတင်ဖွဲ့စည်းခဲ့တဲ နိုဝင်ဘာ(၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့ဖြစ် ၁၉၅၅ခုနှစ်ကစတင်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

 

၂၀၁၄ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ ကရင်ပြည်နယ်ဟာ ဧရိယာစတုရန်းကီလိုမီတာ ၃၀၃၈၂.၈ ရှိပြီး လူဦးရေ ၁၅၇၄၀၇၉(၁၆သိန်းနီးပါး) ရှိပါတယ်။ မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းဟာ ကရင်ပြည်နယ်အတွင်းတည်ရှိတာဖြစ်ပါတယ်။