၁၆ ဩဂုတ် ၂၀၂၃

နိုင်ငံအချို့သည်ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေးကို လက်နက်သဖွယ်  အသုံးချလျက် ရှိနေကြတယ်လို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS - 2023)တွင် ပြောကြားပါတယ်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပါ နိုင်ငံတကာလုံခြုံရေးညီလာခံသို့ ဗွီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်လျက်ရှိသော အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးသည် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်လာတဲ့အတွက်  စားနပ်ရိက္ခာလုံခြုံမှုရှိရေးတွင် အဓိကကျသော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ

အပါအဝင် အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်ရာတွင် အချို့နိုင်ငံများသည်ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေးကို လက်နက်သဖွယ်အသုံးချလျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

“အာရှ-ပစိဖိတ်ဒေသသည် လူဦးရေများပြားခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင်အချက်အချာကျနေခြင်းတို့အပြင် လုံခြုံရေးအပါအဝင် ကဏ္ဍမျိုးစုံ၌ အရေးပါသည့်ဒေသဖြစ်လာသည့်အတွက် အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနှင့် NATOအဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ်စိတ်ဝင်စားမှု မြင့်တက်လာတယ်” လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားပါတယ်။

 

အဲဒါကြောင့် သူတို့ဟာ ဒေသတွင်းနိုင်ငံများနှင့် တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်လာသည်ကိုတွေ့ရှိရတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက သုံးသပ်ပြောဆိုပါတယ်။

 

လုံခြုံရေးကဏ္ဍတွင်လည်း အပြိုင်အဆိုင် လွှမ်းမိုးနိုင်ရန် အပြင်းအထန် အားထုတ်မှုများနှင့်အတူ ကြီးမားသည့် အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိပြီး ထိုကဲ့သို့ တည်ငြိမ်လုံခြုံမှုပိုမိုလျော့နည်းလာသည့် ကမ္ဘာ့အနေအထားသည် အာရှ-ပစိဖိတ်ဒေသကြီး၏ လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍများ၌ သိသာထင်ရှား

သည့် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြပြောဆိုပါတယ်။

 

အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပါကြောင်း၊ စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သော လက်နက်များ

ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက်အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိကြောင်းလည်း နစကဥက္ကဋ္ဌက ဗွီဒီယိုမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

သို့သော်လည်း အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို အားကြိုးမာန်တက် ဖော်ဆောင်လျက်ရှိချိန်တွင်တစ်ဖက်တွင်လည်း အဆိုပါစည်းလုံးညီညွတ်မှုကို စိန်ခေါ်နေသော  ခြိမ်းခြောက်မှုများလည်းရှိနေတယ်လို့ အာဆီယံ၏လက်ရှိအခြေအနေအပေါ် ဗိုလ်ချုပ်မှူးကြီးက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

 

မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း “ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသောပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိသော

နိုင်ငံရေး ပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း လုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြောင်း” နိုင်ငံတကာအသိုက်အဝန်းသို့ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

 ယခုကျင်းပခဲ့တဲ့ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS - 2023)သို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံ ၅ နိုင်ငံမှ အကြီးအကဲများက Video မှတ်တမ်းပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊   ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၂၀ဦး၊ နိုင်ငံ ၁၆ နိုင်ငံမှ ဒုတိယ ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင်စုစုပေါင်း ၈၀၀ ကျော်ပါဝင်တက် ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

-ymg/knl