#Local_News
Published_ 16 August 2023


၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁)ရက်မှ (၁၅) ရက်အထိ စမ်းသပ် သန်းခေါင်စာရင်း ကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှ မြို့နယ် ၂၀ ကို ရွေးချယ်ပြီး စာရင်းကောက်ကွက် ၁၀၀ ကို နမူနာရွေးချယ်ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားခဲ့ပါတယ်။

 

လက်ရှိတွင် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် အရေးအကြီးဆုံး လုပ်ငန်းစဉ်မှာ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ဆောင်ရွက် ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်” ဆိုသည့် လုပ်ငန်းစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဇန်နဝါရီ (၃၁) ရက်အထိ e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စု စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု (၁၂) သန်းကျော်၊ လက်ရှိ ဒေသ၌ အိမ်ထောင်စုမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့်အိမ်ထောင်စု ၂ ဒဿမ ၈) သန်းကျော်၊ စုစုပေါင်းအိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော် ကောက်ယူပြီးစီးပြီ ဖြစ်ကြောင်း သိရပါတယ်။

 

ဇူလိုင် (၃၁) ရက်အထိ လူဦးရေ ၃ ဒသမ ၃ သန်းကျော် ၉၇ ဒသမ ၀၆ ရာခိုင်နှုန်းကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိ ကောက်ယူ ရရှိသည့် ကိုယ်ရေးအချက်အလက်များကို e-ID ကိုယ်ရေးအချက်အလက် မှတ်ပုံတင်ခြင်းစနစ် အတွင်းသို့လည်းကောင်း၊ အိမ်ထောင်စုစာရင်း မှတ်ပုံတင်ခြင်း ဆော့ဝဲလ်ပရိုဂရမ်အတွင်းသို့ လည်းကောင်း ထည့်သွင်းလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၀) ရက်အထိ လူဦးရေ (၅၁)သန်းကျော်၊ အိမ်ထောင်စု(၁၃)သန်းကျော် ထည့်သွင်းထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn #Local_News #စမ်းသပ်သန်းခေါင်စာရင်း #နမူနာရွေးချယ်ကောက်ယူ
#Yangon_Media_Group