#Local_News
Published_ 15 August 2023


မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် ဝန်ထမ်းများကလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ်။

 

ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက Myanmar Electronic Voting Machine (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက် (Control Unit) ၊ ဆန္ဒပြုစက် (Ballot Unit) ၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit) ၊ မဲပုံးနှင့်ဘက်ထရီများ ဖွဲစည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့် စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူ ရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းခဲ့ပါတယ်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး နစကအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပါတယ်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း ၈၆ ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်အား လေ့လာကြည့်ရှုပြီး လက်တွေ့အသုံးပြု၍ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ကြပါတယ်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနသို့ သွားရောက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၈၅ ဦး တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn #Local_News #မြန်မာအီလက်ထရောနစ် #လက်တွေ့သရုပ်ပြ
#Yangon_Media_Group