၁၂ ဩဂုတ် ၂၀၂၃

သတင်းစာများသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ် သဖြင့် သတင်းစာစက္ကူ လိုအပ်ချက်သည်လည်း အမြဲမပြတ် ရှိနေမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဩဂုတ်လ ၁၂ ရက် စနေနေ့က ဧရာဝတီတိုင်းဒေသကြီး သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်ဖွင့်လှစ် လည်ပတ်ခြင်းအခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ခေတ်ကာလ၏အခြေအနေအရ Online မီဒီယာအသုံးပြုမှုပိုမိုများပြားလာပြီး Printed မီဒီယာပိုင်း အားနည်းချက်ရှိလာသည်ကို တွေ့ရှိရပေမယ့် သတင်းစာတွေကတော့ သမိုင်းကိုဖော်ပြနေလို့ ဆက်လက်ထုတ်ဝေနေကြဦးမှာပဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူကြီးကပြောပါတယ်။

စက်ရုံစုတွင် သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်မှုများအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်လို့ ၊စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုကို များစွာလျော့နည်းသွားစေမယ်လို့လည်း နစက ဥက္ကဋ္ဌကပြောပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတွေနှင့် နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က စက်ရုံလည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်ခဲ့မှုတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စာပေသည် လူ့ဘဝတိုးတက်ရေးအတွက် အရေးကြီးသည် အခန်းကဏ္ဍတွင် ပါဝင်နေတဲ့အတွက်  စာပေများကို ဖတ်ရှုနိုင်ရေးအတွက် စာများပုံနှိပ်ထုတ်ဝေရန် စက္ကူများသည် မဖြစ်မနေလိုအပ်ကြောင်း၊ အဲဒါကြောင့် မြန်မာနိုင်ငံတွင် စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီးဖြစ်သည့်အတွက် စက္ကူထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ရေးယခုစက်ရုံကိုပြန်လည်လည်ပတ်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။

နစက ဥက္ကဋ္ဌသည် စက်ရုံကို ဖွင့်လှစ်ပေးပြီးနောက် ပြန်လည်လည်ပတ်နိုင်ရေးတွင် ပါဝင်ခဲ့ကြသည့်ပြည်ပနည်းပညာရှင်များအား ဂုဏ်ပြုသစ်သီးခြင်းလက်ဆောင်ကို ပေးအပ်ခဲ့တယ်လို့လည်းသိရှိရပါတယ်။

သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို အကြောင်းအမျိုးမျိုးကြောင့်ရပ်နားထားခဲ့ရပြီး ယခုအခါ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်