9 August 2023

နယ်စပ်ကုန်သွယ်မှုများ၌ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာနေရတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံအမှာစကားပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးက ထောက်ပြ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နယ်စပ်ကုန်သွယ်မှုများ၌ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိနေပြီး ပြည်ပသို့ကုန်သွယ်မှုများဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်ဖို့လိုတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။ အဲဒါကြောင့်ဥပဒေကိုဖောက်ဖျက်ဆောင်ရွက်မှုများကိုဖော်ထုတ်  အရေးသွားယူမယ်လို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။

အခွန်ဆောင်မှုနှင့်ပတ်သက်၍ အခွန်ရှောင်မှုများမရှိစေရေး တာဝန်ရှိသူများအနေဖြင့်စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဒေသဆိုင်ရာအဆင့် တာဝန်ရှိအကြီးအကဲတွေကို ဆက်လက်မှာကြားခဲ့ပါတယ်။

ယင်းအပြင် မြေများဈေးကစားမှုမရှိစေရေးနှင့် စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်နေရန်လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။မြေယာအသုံးချမှုကိစ္စရပ်များနှင့်ပတ်သက်၍ လည်း စိုက်ပျိုးမြေများ ထိခိုက်လျော့နည်းမှုမရှိအောင်နှင့် ၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်သွားဖို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့အကြီးအကဲတွေကို ဆက်လက်သတိပေးမှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

-ymg/knl

#yangonmediagroup

#yangontimes

#တရားမဝင်ကုန်သွယ်ရေး

#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်