Published_ 10 August 2023

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် မြေပြိုကျမှုကြောင့် ပျက်စီးသွားသော လမ်းပိုင်းတွင် ယာယီဘေလီ တံတားတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

သြဂုတ်လ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်း ရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင် မြဝတီ–ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော် ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉) နှင့် (၁၅၀)အကြားနေရာတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ၁၅၀ ပေခန့် ပဲ့ကျပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ပေ ၂၀၀ ခန့်ရှိ ယာယီဘေလီတံတားထိုးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း၊ တည်ဆောက်ချိန် တစ်လခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကုန်တင်ယာဉ်ကြီးများ သွားလာမောင်းနှင်၍ မရသော်လည်း လူစီးယာဉ်များနှင့် ပစ္စည်းသယ် ယာဉ်ငယ်များကို ယခင်ကအသုံးပြုခဲ့သော မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်း က အသုံးပြုမောင်းနှင်နိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#မြဝတီ-ကော့ကရိတ် #အာရှလမ်းမကြီး #မြေပြိုကျမှု #ယာယီဘေလီတံတား
#YMG #Yangon_Times