8 August 2023

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေဟာ အဓိက ဆူးညှောင့်ခလုတ်ဖြစ်နေတယ်လို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က   ပြောကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှတာဝန်ရှိသူမျ ဩဂုတ်လ(၈)ရက် ယနေ့နံနက်ပိုင်းက  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါ ခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားရာမှာ နစက ဗိုလ်ချူပ်မှူးကြီးက ယခုလိုထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် တိုင်းရင်းသားများ၏အခွင့်အရေးများနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ပကတိ အခြေအနေများနှင့်ကိုက်ညီစွာ  စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့်ဖြစ်နိုင်သည်များကို ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ NCA မှာပြည့်စုံမှုမရှိသေးသော်လည်း တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို သဘောတူညီချက်စာချုပ်အဖြစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကတိကဝတ်ပေးထားသည့် အကြောင်းအရာများဖြစ်ကြောင်း၊ အဆိုပါစာချုပ်ကို နိုင်ငံတကာမှအသိသက်သေများ မျက်မှောက်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်သဖြင့် မျက်ကွယ်ပြု၍ ဆောင်ရွက်ခြင်းမပြုရန်လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေသအလိုက်တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သဖြင့်ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍မရဘဲ ဒေသကို အခြေခံ၍ဆောင်ရွက်ရမည်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက အလေးထားပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင်သင့်သည့်အချက်များ ကိုပြုပြင်ရန်အတွက် တပ်မတော်အနေဖြင့် သဘောတူညီထားပြီဖြစ်ကြောင်း၊ သို့သော်နိုင်ငံအတွက်အရေးကြီးသည့် တို့တာဝန်အရေးသုံးပါးကို

မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာဖြင့် ဆောင်ရွက်နိုင်ရန် လိုတယ်လို့လည်း ဗိုလ်ချုပ်မှုးကြီးက သတိပေးပြောဆိုခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားရာတွင် “မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍  အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ   အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင် ဆောင်ရွက်သွားရန်လိုတယ်” ဟု  သုံးသပ်ပြောကြားခဲ့ပါတယ်။

ထို့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင်ဆောင်ရွက်ရေး၊ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး စသည့် စီးပွားရေးလုပ်ငန်းစဉ်တွေကိုလည်း ဗိုလ်ချုပ်မှူးကြီးကရှင်းလင်းပြောကြားခဲ့ပါတယ်။

ယင်းနောက်လူမှုရေးလုပ်ငန်းစဉ်များအဖြစ်  လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကိုအကောင်အထည် ဖော်ဆောင်ရေး၊ ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကိစ္စများကို ဆက်လက် ရှင်းလင်းမှာကြားခဲ့တယ်လို့သိရှိရပါတယ်။

နိုင်ငံတော်တွင် အခက်အခဲ၊အကြပ်အတည်းများစွာကို စုစည်းညီညွတ်သည့်အားဖြင့်ကျော်လွှားနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။သို့သော်  မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေဆဲဖြစ်လို့  ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့်အခက်အခဲ၊ အကြပ်အတည်းကိုမဆိုကျော်လွှားနိုင်မည်ဖြစ်တယ်လို့လည်း အဆုံးသတ်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြာထားပါတယ်။

တွေ့ဆုံပွဲသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစကအဖွဲ့ဝင်များ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။

-ymg/knl