ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နှောင့်နှေးအောင်လုပ်ဆောင်သူများသည် ပြည်သူ့ဆန္ဒကိုဆန့်ကျင်နေသူတွေဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောတဲ့အကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများရှိနေမည် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေး လုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်တဲ့အတွက် ထိုသို့နှောင့်နှေးစေခြင်းသည်ပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့်ပြန်လည်ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေတယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောကြားပါတယ်။

နစကရဲ့ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်တဲ့အတွက် အဆိုပါရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်ဖွဲ့စည်းထားတဲ့ နစက အဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

ယင်းအပြင်တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါတယ်။

ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်ရေးဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲဟူသည် ရာနှုန်းပြည့်ကျင်းပ အောင်မြင်ရန်ခက်ခဲသော်လည်း ပြည်သူတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မိမိတို့က စွမ်းအားရှိသမျှလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးကဆက်လက်ပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုင်းရင်းသားများ၏အခွင့်အရေးနှင့် ပတ်သက်၍ အခြေခံဥပဒေ၌ တူညီသည့်အခွင့်အရေးများ ပေးထားပြီးဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။

သမာသမတ်ကျသည့် ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးမှုများကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

တိုင်းရင်းသားလူမျိုးစုအလိုက်လည်း မတူညီသည့်လက္ခဏာများရှိကြောင်း၊ ထို့ကြောင့် လူပုဂ္ဂိုလ်နှင့်လူမျိုးကို  အခြေခံဆောင်ရွက်၍ရမည်မဟုတ်ဘဲ ဒေသနှင့်အများ၏သဘောဆန္ဒအတိုင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လူအနည်းစု၏ သဘောထားကိုလည်း အလေးထားရန်လိုတယ်လို့ နစက ဥက္ကဋ္ဌကပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း နှင့် ဦးရန်ကျော် တို့ တက်ရောက်ခဲ့ကြပါတယ်။

-ymg/knl

#Myanmarpolitics

#SeniorGeneralMinAungHlaing