#Local_News
Published 6-8-2023

ရေကြီးရေလျှံဖြစ်ပွားနေသော ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယနေ့ ညနေပိုင်းအချိန်အထိ မိုးဆက်လက်ကြီးနိုင်သည်ဟု မိုးဇလက သတိပေးထားသည်။

 

အဆိုပါ ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်ဟုဆိုသည်။

 

ထို့အပြင် မိုးဇလ၏ ယနေ့ ဩဂုတ်လ ၆ ရက် ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊  မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်အသိပေးထားသည်။

 

အလားတူ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

 

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေဆဲဖြစ်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

 

#YMG/my
#Yangon_Times