#Local_News
Published_ 6 August 2023


ကျိုက်ထိုမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၉ နာရီခွဲအချိန်ခန့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မှရေးသို့သွားသည့် ခရီးသည်တင်ယာဉ်ပေါ်၌ အောင်မင်းထွန်းအား အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင် ၂၇ ရက် မွန်းတည့် ၁၂ နာရီအချိန် ဖမ်းမိမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သည့် ညီညီထွန်း (ခ) ညီညီ အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ညနေ ၅ နာရီအချိန် စံလင်း နှင့် ထွန်းနိုင်မိုး တို့အား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးတွင် အိုက်စ် ၁ ကီလို၊ Honda Fit မော်တော် ယာဉ် ၁ စီးနှင့် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။

 

ထိုနေ့ ညနေ ၅ နာရီခွဲအချိန် ဖမ်းမိတရားခံ ထွန်းနိုင်မိုး ငှားရမ်းနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ နေအိမ်တွင် အောင်ကိုဦး နှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

 

ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၅ ဦးအား ဥပဒေအရအရေးယူ ထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


#Local_News #အိုက်စ်၊စိတ်ကြွရူးသွပ်ဆေးပြားနှင့်ကက်တမင်းများဖမ်းဆီးရမိ
#ygm_mnn
#Yangon_Media_Group