Published 4 Nov 2021

တက္ကသိုလ်၊ကောလိပ်နှင့်ဒီဂရီကောလိပ်တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးရန်စီစဉ်နေတယ်လို့ သိရပါတယ်။

 

နိုဝင်ဘာ ၂ရက်ကပြုလုပ်ခဲ့တဲ့ ညိနှိုင်းအစည်းအဝေးတစ်ခုမှာ နစက ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်ဆေးထိုးဦးစားပေးအစီအစဉ်တွေအရ နောက်ထပ်အဆင့်တစ်ဆင့်အဖြစ် တက္ကသိုလ်၊ကောလိပ်/ဒီဂရီကောလိပ် ကျောင်းသားကျောင်းသူတွေကို ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

တက္ကသိုလ်ကောလိပ်ကျောင်းတွေကို မကြာမီဖွင့်လှစ်နိုင်ဖို့စီစဉ်နေရာ စာရင်းပေးသွင်းတက်ရောက်နေသူတွေအပြင် အနီးကပ်သင်တန်းစတက်မယ့် အဝေးသင်ကျောင်းသူကျောင်းသားတွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမယ်လို့ သိရပါတယ်။

 

တက္ကသိုလ်နှင့်ကောလိပ်များတွင် ဆေးထိုးစုရပ်များစီစဉ်ထားရှိပေးပြီး အဲဒီနေရာတွေမှာ ကျောင်းသူကျောင်းသားတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရမှာဖြစ်ပြီး တက္ကသိုလ်နှင့်ကောလိပ်တွေပြန်ဖွင့်ရက်အပေါ်မူတည်ပြီး ဆေးထိုးရမယ့် ရက်တွေကို သတ်မှတ်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးအပြည့်ထိုးပြီးသူပေါင်း ၇,၃သန်းကျော်၊ တစ်ကြိမ်ထိုးပြီးသူ ၆.၁သန်းကျော်ရှိပြီး စုစုပေါင်း ထိုးနှံပြီးသူ ၁၃သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်းအချက်အလက်များတွင်ဖော်ပြထားပါတယ်။

 

အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ (၁)ရက်နေ့ကစပြီး ကိုဗစ်ကူးစက်မှုများနေသော မြို့နယ်အချို့ကိုချန်လှပ်၍ တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ပြန်ဖွင်နေပြီး တက္ကသိုလ်နှင့်ကောလိပ်တွေကိုလည်း မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်နေကြောင်းသတင်းရရှိပါတယ်။’

 

မြန်မာနိုင်ငံမှာ ယနေ့အထိကိုဗစ်ကူးစက်ခံခဲ့ရသူပေါင်း ၅၀၂၉၇၉ ဦးရှိခဲ့ပြီးသေဆုံးသူပေါင်း ၁၈၇၄၄ ရှိခဲ့ပါတယ်။ ကူးစက်မှုနှင့်သေဆုံးမှုအများဆုံးမှာယခုအရှိန်လျော့ကျလာနေတဲ့ တတိယလှိုင်းကာလအတွင်းဖြစ်ပါတယ်။