Published 2 November 2021

          နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့  အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်းနှင့်ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆန်ကို နိုဝင်ဘာ ၂ရက် နံနက်ပိုင်းက  နေပြည်တော်မှာရှိတဲ့  နစကရုံး၊သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံခဲတယ်လို့ နစကက သတင်းထုတ်ပြန်ပါတယ်။

          တွေ့ဆုံကြစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတွေ၊ကိုဗစ် ကာကွယ် ဆေးများထိုးနှံပေး နေမှုအခြေအနေတွေနှင့်  ရောဂါကူးစက်မှုနှုန်းကျဆင်းလာပြီ ဖြစ်သဖြင့် ကျောင်းတွေပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေတွေ၊ မြန်မာနိုင်ငံ အတွက် အမေရိကန်နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက် ပေးမယ့်အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

          အဲဒီတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့  ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်း တို့တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။