#LocalBusiness

Published 31 October 2021

ပြီးခဲ့သည့်ဖေဖော်ဝါရီလမှ အောက်တိုဘာလထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်၏ မှတ်တမ်းများအရ သိရသည်။

 

ဗဟိုဘဏ်၏ စာရင်းများအရ ဖေဖော်ဝါရီလ တွင် အမေရိကန်ဒေါ်လာ  ၆ ဒသမ ၈ သန်း၊ ဧပြီလတွင်   ၁၂ သန်း၊ မေလတွင် ၂၄ သန်း၊ ဇွန်လတွင် ၁၂ သန်း၊ ဇူလိုင်လတွင်  ၃၉ သန်း ၊သြဂုတ်လတွင် ဒေါ်လာ ၂၈ သန်း၊စက်တင်ဘာလတွင် ၆၃ သန်း၊

အောက်တိုဘာလ တွင် သန်း ၁၁၀ ထုတ်ရောင်းခဲ့ခြင်း ဖြစ်သည်။

 

 ရောင်းချပေးသော ငွေဈေးနှုန်းများမှာ အမေရိကန်တစ်ဒေါ်လာအတွက် ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ရာ စက်တင်ဘာလအတွင်းက ပျမ်းမျှ ငွေလဲလှယ်နှုန်း ၁၇၅၅ ကျပ်ဖြင့်လည်းကောင်း၊အောက်တိုဘာလအတွင်းက

ပျှမ်းမျှငွေလဲနှုန်း ၁၈၂၀ ကျပ်ဖြင့်လည်းကောင်း ထုတ်ရောင်းခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ကိုးလအတွင်း စံချိန်တင် ရောင်းချခဲ့သော လမှာ အောက်တိုဘာလ ဖြစ်ကြောင်း သိရသည်။

 

ဗဟိုဘဏ်ကနိုင်ငံခြားငွေရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက်သတ်မှတ်မှုကို စက်တင်ဘာလ ၁၁ ရက်က ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက်

စက်တင်ဘာလ ၁၂ ရက်မှ စ၍ နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၂၀၀၀ ခန့်ဖြင့် ရောင်းချခဲ့ကြကာ ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၂၂၀၀ ကျော် ထိ ရောက်ရှိမြင့်တက်ခဲ့ကြောင်းလည်း သိရသည်။

 

ယင်းနောက် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ အောက်တိုဘာလ နောက်ဆုံးပတ်ကစ၍ ပျှမ်းမျှ တစ်ဒေါ်လာလျှင် အဝယ် ၁၈၉၀ ကျပ်၊အရောင်း ၁၉၅၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။