Published 1 November 2021

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းနှင့် နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ  ကိုဗစ်ရောဂါကပ်ဘေးကို ထောက်ပံ့ကူညီဖို့  ပုဂ္ဂလိက လူသားချင်း စာနာထောက်ထားမှု မစ်ရှင်အဖြစ် မြန်မာနိုင်ငံကို သွားရောက်နေပြီလို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရသူက တနင်္ဂနွေနေ့မှာ ပြောကြောင်း  အေပီသတင်းအရ သိရပါတယ်။

သူ့ရဲ့စင်တာဟာ မြန်မာပြည်သူတွေကို ထောက်ပံ့သူညီပေးနေတဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်လို့  ရစ်ချတ်ဆန်က ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ခရီးစဉ်ကြေညာချက်ထဲမှာ အာဏာသိမ်းတဲ့ကိစ္စ ထည့်သွင်းပြောကြားထားခြင်းမရှိသလို မြန်မာနိုင်ငံ မှာ ဘယ်သူတွေနှင့်တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်ဆိုတာကိုလည်း အသေးစိတ် ထုတ်မပြောထားပါဘူး။

“ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေနှင့် ညှိနှိုင်းဆောင်ရွက်ပြီး  မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးတွေ၊ ဆေးဝါးအထောက်အကူ ပစ္စည်းတွေနှင့် အခြားကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေအတွက် လူသားချင်း ညှာတာထောက်ထား မှုဆိုင်ရာ ပေးအပ်ဖို့ လမ်းကြောင်းတွေဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားရောက်တာဖြစ်တယ်” လို့ သူ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဘီလ်ရစ်ချတ်ဆန်က ပြောထားပါတယ်။

သူ့ခရီးစဉ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လည်း သိရှိထားတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရသူ မက်ဒလင်းမာဟိုနီကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ရဲ့ခရီးစဉ်အပေါ် ချက်ခြင်းမှတ်ချက်မပေးသေးပါဘူး။။

မေ၂၄ရက်ကတည်းက အထိန်းသိမ်းခံထားရတဲ့ အမေရိကန်သတင်းစာဆရာတစ်ဦး လွတ်မြောက်ရေးအတွက်ရော သူဆောင်ရွက်မှာလားလို့မေးတဲ့အခါ မာဟိုနီက ပြောဆိုဖို့ငြင်းဆန်ပါတယ်။

“ အကျပ်အတည်းနှင့် မတည်ငြိမ်မှုတွေရှိနေတဲ့ ဒီလိုကာလမှာ လူသားချင်း ညှာတာထောက်ထားမှု အကူအညီတွေကို အလိုအပ်ဆုံးဖြစ်နေတဲ့သူတွေဆီ ရောက်ရှိသွားဖို့ အသေအချာလုပ်ရမယ်” လို့ သူက ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။

ရစ်ချတ်ဆန်နှင့်အတူ အင်ဒိုနီးရှား၊ တောင်အာဖရိကနှင့် အယ်လ်ဂျီးနီးယားနိုင်ငံတွေရဲ့ အမေရိကန်သံအမတ်ဟောင်း ကင်မရွန်ဟူးမ်နှင့် ရစ်ချတ်ဆန်စင်တာက အရာရှိနှစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

Source AP